◾️ ဝယ်ယူမှုကုန်ကျစရိတ် ဖောင်းပွမှု ၁၄ လအတွင်း အမြင့်ဆုံးအထိ ရောက်ရှိခဲ့၍ စက်ရုံထုတ်ဈေးများ မြင့်တက်လာ
၇. ၁၂. ၂၀၂၅
Written by Nyein Kyaw
ပြီးခဲ့သည့် နိုဝင်ဘာလတွင် မြန်မာ့ကုန်ထုတ်လုပ်မှု သိသိသာသာ ပြောင်းလဲမှုမရှိသော်လည်း ကုန်ပစ္စည်းပြတ်လပ်မှုများကြောင့် လုပ်ဆောင်မှု နှေးကွေးစေခဲ့ကြောင်း ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွက် S&P Global မြန်မာ့ထုတ်လုပ်မှု Purchasing Managers’ Index (PMI) စစ်တမ်းတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်းသည် ပြီးခဲ့သည့် နိုဝင်ဘာလတွင် ၅၁ ဒသမ ၄ ရှိခဲ့ပြီး အလုံးစုံလုပ်ငန်းအခြေအနေများတွင် လေးလဆက်တိုက် လစဉ်တိုးတက်မှုတစ်ခုကို ပြသခဲ့သော်လည်း အောက်တိုဘာလ၏ PMI အညွှန်းကိန်းသည် ၅၁ ဒသမ ၅ မှ အနည်းငယ်မျှ ကျဆင်းခဲ့ပြီး သုံးလအတွင်း အနည်းဆုံးဖြစ်ခဲ့ကြောင်း ဖော်ပြထားသည်။
၂၀၂၅ ခုနှစ် စက်တင်ဘာနှင့် အောက်တိုဘာ နှစ်လတွင် အနည်းငယ်မျှ လစဉ်မြင့်တက်ခဲ့ပြီးနောက် ထုတ်လုပ်ရေးအဆင့်များသည် နိုဝင်ဘာလတွင် အမြင်အရ မပြောင်းလဲဘဲ ရှိနေခဲ့သော်လည်း အမှာစာအသစ်များ လစဉ်မြင့်တက်မှု သုံးလဆက်တိုက်ရှိခဲ့ကြောင်း ဖော်ပြထားသည်။
ပြီးခဲ့သည့် နိုဝင်ဘာလတွင် အမှာစာအသစ်များ ပိုမိုရရှိခြင်းနှင့်အညီ လုပ်ငန်းအချို့က ထုတ်လုပ်ရေးကို တိုးမြှင့်ခဲ့ကြောင်း အစီရင်ခံခဲ့ကြသည့်တိုင် ကုန်ကြမ်းပစ္စည်း ပြတ်လပ်မှုများသည် လုပ်ဆောင်မှုကို နှေးကွေးစေခဲ့ကြောင်း အခြားသောလုပ်ငန်းရှင်များက ထောက်ပြခဲ့သည်ဟု ဖော်ပြထားသည်။
“တိုးပွားမှုနှုန်းက အနည်းငယ် နှေးတဲ့တိုင်အောင် မြန်မာနိုင်ငံရဲ့ ထုတ်လုပ်ရေးကဏ္ဍက အမှာစာအသစ်တွေ မြင့်တက်မှုကို ဆက်လက်တွေ့ကြုံနေရကြောင်း နိုဝင်ဘာလအတွက် PMI ဒေတာက ပြသခဲ့ပါတယ်” ဟု S&P Global Market Intelligence ရှိ စီးပွားရေးပါရဂူ Maryam Baluch က ပြောကြားသည်။
ကုန်ထုတ်လုပ်သူများကို ထုတ်လုပ်ရေး ကျယ်ကျယ်ပြန့်ပြန့် မပြောင်းလဲဘဲ ဝယ်လိုအား လိုအပ်ချက်များ ပြည့်မီစေရန် ၎င်းတို့၏ လက်ဝယ်ရှိပစ္စည်းများအပေါ် အားပြုစေခဲ့ကြောင်း၊ ယင်းထောက်ပံ့ရေးပိုင်း ပြဿနာများနှင့် ဆက်စပ်ပြီး ပစ္စည်းပေးပို့ချိန်များ ကြာရှည်ခဲ့ကာ ထည့်ကုန်ဝယ်ယူရေးလုပ်ဆောင်မှု ကျဆင်းခဲ့ကြောင်း Maryam Baluch က ထောက်ပြထားသည်။
ထို့ကြောင့် ဝယ်ယူမှုကုန်ကျစရိတ် ဖောင်းပွမှုသည် ၁၄ လအတွင်း အမြင့်ဆုံးအထိ ရောက်ရှိခဲ့ပြီး စက်ရုံထုတ်ဈေး အဖိုးအခများကို ခိုင်ခိုင်မာမာနှင့် အရှိန်အဟုန်ကောင်းစွာ မြင့်တက်စေခဲ့ကြောင်း ဖော်ပြထားသည်။
