◾ အာရှနှင့် မြန်မာ၏ ပထမဆုံး UFC ဖလိုင်းဝိတ်ချန်ပီယံအဖြစ် ဂျော်ရှဝါဗန်က မှတ်တမ်းဝင်ခဲ့သလို UFC မှာလည်း ဒုတိယအသက်အငယ်ဆုံးချန်ပီယံဖြစ်လာ
သတိုး
၇. ၁၂. ၂၀၂၅
UFC 317 မှာ Brandon Royval ကို အနိုင်ရပြီး ဖလိုင်းဝိတ်ချန်ပီယံ ပန်တိုဂျာကို မြန်မာကိုယ်စားပြုချင်းလူငယ်လေး ဂျော်ရှဝါဗန် (Joshua Van) ဟာ ဖလိုင်းဝိတ်တန်းမှာ ချန်ပီယံလေးကြိမ် ကာကွယ်ထားပြီး ဘုရင်ကြီးအဖြစ် မင်းမူထားတဲ့ ပန်တိုဂျာကို စိန်ခေါ်ခွင့်ရလိုက်ချိန်မှာ မြန်မာပရိတ်သတ်တွေဟာ အရူးအမူးဖြစ်ကုန်ပါတော့တယ်။
ဘာကြောင့်လဲဆိုရင် အမေရိကန်ရောက် ဟားခါးချင်းလေး ဗန်ဟာ သာမညောင်ညလူမျိုးရေးအစွန်းရောက်စိတ်ကို အသုံးပြုပြီး ချင်းအလံလောက်နဲ့ ရပ်တန့်သူမဟုတ်ဘဲ မြန်မာ့အလံကို အလေးအမြတ်ပြု ကမ္ဘာက အသိအမှတ်ပြုအောင် ဂုဏ်ပြောင်စေခဲ့သူဖြစ်သလို ဗန်ရဲ့ပုံရိပ်တိုင်းဟာ မြန်မာ့အလံနဲ့ ခွဲမရသလို ဒီလို UFC ဖလိုင်းဝိတ်ချန်ပီယံစိန်ခေါ်ခွင့် ဆိုတဲ့အဆင့်ကို အာရှက ပထမဆုံးတက်လှမ်းနိုင်သူ အမျိုးသားဖြစ်နေလို့ပါ။





ဒါ့အပြင် ဗန်ဟာ ၂၀၀၀ ပြည့်နှစ်ဖွားတွေထဲ ပထမဆုံး ချန်ပီယံစိန်ခေါ်ခွင့်ရသူ၊ မြန်မာနဲ့အာရှရဲ့ ပထမဆုံးချန်ပီယံစိန်ခေါ်ခွင့်ရသူ၊ အနိုင်ရခဲ့ရင် ပထမဆုံးအာရှနဲ့ မြန်မာ့ ချန်ပီယံ၊ UFC ရဲ့ ဒုတိယအသက်အငယ်ဆုံးချန်ပီယံ စတဲ့ ဂုဏ်ပုဒ်အများအပြားဟာ မြန်မာပရိတ်သတ်အဖို့ အိပ်မက်ဖြစ်တဲ့ UFC 323 ဟာ မြန်မာစံတော်ချိန် ဒီဇင်ဘာ ၇ ရက် နံနက် ၁၁ နာရီခွဲကစ မြန်မာပရိတ်သတ်တွေ ရှုစားခွင့်ရခဲ့ပါတယ်။
UFC ကို စရောက်ကတည်းက မြန်မာ့အလံသယ်ခွင့်ပြုဖို့ တစိုက်မတ်မတ်တောင်းဆိုခဲ့၊ သယ်ခွင့်မပေးချိန်မှာ Mouth Guard ကို မြန်မာ့အလံပုံဖော်ခဲ့၊ ချန်ပီယံစိန်ခေါ်ခွင့် ဆေးစစ်ချိန်မှာ ကုတ်အင်္ကျီအောက် မြန်မာ့အလံနဲ့ ချင်းအထိမ်းအမှတ် အောက်ချင်းငှက်ကို ရောယှက်ဝတ်ပြခဲ့သလို ဒီနေ့မှာ ကနဦးပွဲထွက်လာချိန် ဗန်က မြန်မာ့အလံကို ကြွားကြွားဝံ့ဝံ့သယ်ယူလာခဲ့သလို ဗန်ရဲ့နည်းပြအဖွဲ့ကလည်း လက်မောင်းမှာ မြန်မာ့အလံတံဆိပ်ကို တလေးတစားတပ်ဆင်လာကြပါတယ်။
ပွဲအစမှာ ချန်ပီယံဘုရင်ကြီးပန်တိုဂျာဟာ ဗန့်ကို အတင်းဝင်ထိုးတာပါ။ ဒီလိုအတင်းဝင်ထိုးချိန် ဗန့်ထောက်လက်သီးဟာ ပန်တိုဂျာ့မေးကို မိတ်ဆက်လိုက်သလို အတင်းဝင်ထိုးနေတဲ့ ပန်တိုဂျာဟာ ဗန့်ခေါင်းကို ညာခြေနဲ့ကန်ချိန်မှာ ဗန်က ပန်တိုဂျာ့ခြေကို အမိဖမ်းပြီး အားနဲ့ပစ်ပေါက်လိုက်ချိန်မှာ ခြေထောက်တစ်ချောင်းပေါ်ရပ်နေတဲ့ ပန်တိုဂျာဟာ ကိုင်အပေါက်ခံလိုက်ရသလို ရုပ်ပျက်ဆင်းပျက် ဟန်ချက်ပျက်ပြုတ်ကျသွားပြီး ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ဝိတ်က ဘယ်လက်အပေါ်ကျသွားပြီး ပန်တိုဂျာလက်ကျိုး(တံတောင်ဆစ် အဆစ်ပြုတ်) ပြီး ဗန်က ပထမအချီ ၂၆ စက္ကန့်တင် ဒိုင်ပွဲရပ်နဲ့ အလဲထိုးအနိုင်ရသွားခဲ့တာပါ။
ဗန်က ကံကောင်းခဲ့တာလား။ မြန်မာနိုင်ငံကပဲ UFC ဖလိုင်းဝိတ်တန်းမှာ ချန်ပီယံဖြစ်ဖို့ဇာတာပါတာလား ဝိဝါဒကွဲစရာပေမဲ့ အရာရာတိုင်းဟာ ကံနဲ့အလုပ်တွဲစပ်ဖြစ်ပေါ်တာပါ။ ဖလိုင်းဝိတ်ချန်ပီယံ ဘုရင်ကြီး ပန်တိုဂျာဟာ သူကန်တဲ့ခြေကို လှမ်းဖမ်းပြီး သူ့တစ်ကိုယ်လုံးကို ကိုင်ပေါက်၊ သူ့လက်ကျိုးအောင်(အဆစ်ပြုတ်ပြီး ဆက်ထိုးမရအောင်) လုပ်သွားတဲ့ဗန့်ကို မယုံနိုင်တဲ့အကြည့်နဲ့ သေချာကြည့်နေခဲ့တာပါ။
သေချာတာကတော့ မြန်မာနိုင်ငံကိုချစ်တဲ့၊ မြန်မာ့အလံကို လေးစားဂုဏ်ယူတဲ့ ချင်းတိုင်းရင်းသားလေးဗန်ဟာ ကမ္ဘာ့ထိပ်တန်း UFC ရဲ့ ဖလိုင်းဝိတ်ချန်ပီယံဖြစ်ခဲ့ပါပြီ။
Photo – Credit
