၇.၁၂.၂၀၂၅
Written By Thandar
အောင်သီရိ ရုပ်ရှင်ထုတ်လုပ်ရေးက မိဘမေတ္တာနဲ့ လူငယ်တွေရဲ့ချစ်ခြင်းဇာတ်လမ်းပုံစံ “မောင့်မိဖုရား” ရုပ်ရှင်ဇာတ်ကားကြီး Family Show ပွဲအခမ်းအနားကို ဒီဇင်ဘာ ၆ ရက် ညနေပိုင်းက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ နဝဒေးရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
အဆိုပါ အခမ်းအနားကို ရန်အောင်၊ စိုးမြတ်သူဇာ၊ မြင့်မြင့်ခိုင်၊ ခိုင်နှင်းဝေ၊ ယုသန္တာတင်၊ ရတနာဗို၊ ဒါရိုက်တာမယ်မင်းဘုံ၊ ဆုအိမ်စံ၊ ဒါရိုက်တာပွင့်သိင်္ဂီဇော်၊ သိန်းလင်းစိုး၊ ညိမ်းသော်၊ ချာလီ၊ ဒီး၊ ချောရတနာ၊ စံရတီမိုးမြင့် စတဲ့ အနုပညာရှင်များစွာ တက်ရောက်ခဲ့ကြပါတယ်။
“အမကတော့ ဒီဇာတ်ကားမှာ ဒေါ်မြညို ကာရိုက်တာ ပီပြင်အောင် အကောင်းဆုံးကြိုးစားထားတယ်။ အလှအပဆိုတာထက် ကိုယ့်ဇာတ်ရုပ် ပီပြင်ဖို့ပေါ့။ မိတ်ကပ်အညိုတွေလိမ်း၊ သွားတွေကအစပေါ့နော်။ ပြင်ဆင်ခဲ့တယ်။ ဒေါ်မြညိုက ပေးဆပ်စွန့်လွှတ်အနစ်နာခံတဲ့ မိခင်မျိုးဖြစ်အောင် ကြိုးစားထားပါတယ်။ အကယ်ဒမီကတော့ ပေးရင်တော့ လိုချင်တာပေါ့။ တကယ်တော့ ဒါက အနုပညာသမားတိုင်းရဲ့ မှတ်တိုင်ပဲမို့ပါ”လို့ သရုပ်ဆောင် ခိုင်နှင်းဝေက ပြောပါတယ်။








ဒီဇာတ်ကားကို ဇာတ်လမ်း လူညိုချောနဲ့ မယ်မင်းဘုံ၊ ဇာတ်ညွှန်း သီလံတို့က ရေးသားပြီး ဒါရိုက်တာ မယ်မင်းဘုံက သရုပ်ဆောင်တွေအနေနဲ့ တိုင်ရွန်၊ ဗညားဘုန်းပြည့်၊ အကယ်ဒမီစိုးမြတ်သူဇာ၊ ခိုင်နှင်းဝေ၊ ယုသန္တာတင်၊ ရတနာဗို၊ အကယ်ဒမီမြတ်ကေသီအောင်၊ အကယ်ဒမီ ခင်စိုးပိုင်၊ အကယ်ဒမီ ဝါဝါအောင်၊ သီဟတင်အောင်မိုး၊ အိမ့်ကြာဖြူ၊ ဒေါ်နန်းခမ်းဝါ၊ ဒေါ်ဒယ်ဘီ၊ စင်သီယာ၊ အေးမို့မို့ဇော်၊ မင်းသိဒ္ဓိ၊ ထူးမြတ်၊ ရန်ပိုင်တို့က ပါဝင်ထားကြပါတယ်။
“ကိုယ်ကိုယ်တိုင်တောင် ဆက်မရိုက်ချင်တဲ့၊ ရင်ထဲမှာ စို့ပြီးဖြစ်ခဲ့တဲ့ အခြေအနေအထိကို ဒီရုပ်ရှင်ဇာတ်ကားကြီးက ဖြစ်ခဲ့တယ်။ ဘုံရဲ့ အမေကလည်း ဆုံထားတာမကြာသေးတော့လေ။ ခံစားချက်တွေကို အမေနဲ့ ပတ် သက်တဲ့ ဇာတ်ဝင်ခန်းတွေကို ပိုပြီး ထိလွယ်ရှလွယ်တာပေါ့နော်။ မခိုင်နှင်းဝေ ဇာတ်ဝင်ခန်းတွေကို ကိုယ့်ကို Emotional အရမ်းဖြစ်စေခဲ့တာပါ” လို့ ဒါရိုက်တာ မယ်မင်းဘုံက ပြောပါတယ်။
“မောင့်မိဖုရား”ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဒီဇင်ဘာ ၁၂ ရက်နေ့ကနေ စတင်ပြီး မြန်မာတစ်ပြည် လုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာလည်းဖြစ်ပါတယ်။
