၇. ၁၂. ၂၀၂၅
Written by Nay Moe
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာမှ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)၏ ရပ်ကျေး ဥက္ကဋ္ဌ ဦးကြည်သန်းကို ပစ်သတ်လိုက်ပြီး အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့သည်ဟု ကျူးလွန်သည့် NUG ဩဇာခံ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းက ဒီဇင်ဘာ ၆ ရက် ရက်စွဲဖြင့် ဝန်ခံချက် ထုတ်ပြန်လာသည်။
ကျောက္ကာကျေးရွာနေ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည) ဥက္ကဌ ဦးကြည်သန်း(အသက် ၆၄ နှစ်) သည် ယခုအစိုးရက ကျင်းပမည့် ရွေးကောက်ပွဲအား စနစ်တကျ အကောင်အထည်ဖော် ကူညီဆောင်ရွက်နေသူဖြစ်၍ ဖမ်းဆီးထိန်းသိမ်းရန် ကြိုးပမ်းချိန် လက်နက်လုယူ၍ ပြန်လည်ပစ်ခတ်ရန် ကြိုးစားလာသည့်အတွက် ပစ်သတ်လိုက်သည်ဟုလည်း မြိတ် PDF က အကြောင်းပြချက်ပေးသည်။
ထို့အပြင် ကျောက္ကာကျေးရွာအုပ်ချုပ်ရေးမှူး ဒေါ်ပင့်ယော့ (ခ) ဒေါ်စန်းစန်းမူ၏ လက်ထောက်ဖြစ်သူ မချို ကိုလည်း ဖမ်းဆီးလာခဲ့သည်ဟု မြိတ် PDF ဝန်ခံချက်တွင် ဖော်ပြထားသည်။
အဆိုပါ ဝန်ခံချက်များတွင် မြိတ် PDF ၏ လက်နက်မဲ့ပြည်သူများကို သတ်ဖြတ် ဖမ်းဆီးမှုအတွင်း အရပ်သားပြည်သူတစ်ဦးဖြစ်သူ ဦးဝင်းကြိုင်ဆိုသူမှာ လက်သန်းတွင် ကျည်ထိမှန်၍ ဒဏ်ရာရရှိခဲ့မှုအပေါ် စိတ်မကောင်းဖြစ်ရသည်ဟုလည်း ထည့်သွင်းဖော်ပြထားသည်။
