သတိုး
၇. ၁၂. ၂၀၂၅
ထိုင်းနိုင်ငံ၊ စစ္စကတ်ပြည်နယ်ရှိ အငြင်းပွားနေသော နယ်စပ်တစ်လျှောက်၌ ထိုင်းနှင့် ကမ္ဘောဒီးယားတပ်ဖွဲ့များအကြား ယနေ့ နေ့လယ်ပိုင်းက ခေတ္တမျှ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ရာမှ ထိုင်းစစ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့သလို ထိုင်းပြည်နယ်လေးခုတွင် နယ်စပ်နေပြည်သူများကို ဘေးလွတ်ရာ ရွှေ့ပြောင်းမှုများ ပြုလုပ်ခဲ့ရသည်။
◾ တိုက်ပွဲအခြေအနေ
တိုက်ပွဲသည် ဒီဇင်ဘာ ၇ ရက်၊ နေ့လယ် ၂ နာရီ ၁၅ မိနစ် ခန့်တွင် ဖူးဖာလပ်–ဖလန်ဟင် ပါ့ဒ်ကွန် (Phu Pha Lek–Phlan Hin Paet Kon) ဧရိယာအနီး၌ အမှတ် (၁၃) ခြေလျင်တပ်ရင်းမှ ထိုင်းစစ်သားများနှင့် ကမ္ဘောဒီးယားတပ်ဖွဲ့များအကြား လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်ရာမှ စတင်ခဲ့သည်။
ထိုင်းအရာရှိများ၏ ပြောကြားချက်အရ ကမ္ဘောဒီးယားတပ်ဖွဲ့များက ပခုံးထမ်းအမြောက်ဖြင့် ပစ်ခတ်ရာမှ တိုက်ပွဲ ပိုမိုပြင်းထန်လာခဲ့သော်လည်း ပစ်ခတ်မှုသည် ညနေ ၂ နာရီ ၅၀ မိနစ် တွင် ရပ်တန့်သွားခဲ့သည်။
ထိုင်းနိုင်ငံ၏ ဒုတိယစစ်ဒေသ ကွပ်ကဲရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဝီရယွတ် ရပ်ခ်ဆီက ထိုင်းတပ်ဖွဲ့များကို အမြင့်ဆုံးအဆင့် သတိရှိနေရန်နှင့် တိုက်ပွဲဝင်စည်းမျဉ်းများကို တင်းကြပ်စွာ လိုက်နာရန် အမိန့်ပေးခဲ့သည်။





◾ ထိခိုက်ဒဏ်ရာရမှုနှင့် ရွှေ့ပြောင်းမှု
ထိုင်းစစ်တပ်၏ ပြောကြားချက်အရ တပ်ကြပ်ကြီး အနုချပ် ရွမ်ခမ်းသည် ခြေထောက်တွင် သေနတ်ဒဏ်ရာ ရရှိခဲ့ပြီး၊ တပ်သား ဖွန်ချိုင်း ချမ်ပါကျွမ်း သည် ၎င်း၏ ကိုယ်ခန္ဓာပေါ်မှ ကျည်ကာဝတ်စုံကို ကျည်ဆန်ထိမှန်ခဲ့ပြီးနောက် ရင်ဘတ်နာကျင်မှုနှင့် ပွန်းပဲ့ဒဏ်ရာ ရရှိခဲ့သည်။ ဒဏ်ရာရရှိသူ နှစ်ဦးစလုံးကို ကန်တာလာလက်ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ နောက်ပိုင်းတွင် ဒုတိယစစ်ဒေသက စစ်သားနှစ်ဦးစလုံး အခြေအနေ တည်ငြိမ်ကြောင်း၊ သို့သော် ချမ်ပါကျွမ်းသည် ရင်ဘတ်အောင့်ခြင်းကို ဆက်လက်ခံစားနေရကြောင်း အစီရင်ခံခဲ့သည်။
အာဏာပိုင်များက ဘူရီရမ်၊ စူရင်၊ စစ်ဆေး နှင့် ဥဘွန် ရတ်ချာထာနီ ပြည်နယ်များရှိ နယ်စပ်မြို့နယ်များမှ ဒေသခံများကို ကြိုတင်ကာကွယ်မှုအဖြစ် သတ်မှတ်ထားသော ခိုလှုံရာနေရာများသို့ ရွှေ့ပြောင်းရန် အမိန့်ပေးခဲ့သည်။ လက်ရှိအချိန်တွင် ထိုင်းနယ်စပ်နေ ဘူရီယမ်ပြည်နယ်၊ ဘန်ခရူယတ်ခရိုင်မှ ထိုင်းပြည်သူများသည် ယာဥ်များကို အရေးပေါ်ဆီဖြည့်ပြီး ခိုလှုံရာနေရာများဆီ သွားရောက်နေသည်ကိုလည်း တွေ့ရသည်။ အာဏာပိုင်များက ယခုညတွင် လူပေါင်း ၁၃၀၀၀ ကျော်သည် အရေးပေါ်ခိုလှုံရာနေရာများဆီ ရောက်ရှိလာမည်ဟု ခန့်မှန်းထားသည်။





◾ ကာကွယ်ရေးဝန်ကြီးများ၏ တာဝန်ယူမှုဆိုင်ရာ ပဋိပက္ခ
ထိုင်းကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် နတ္တဖော နတ်ပနစ်ျ်က ထိုင်းက စတင်ပစ်ခတ်သည်ဟု စွပ်စွဲခဲ့သည့် ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးနှင့် ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ် တီး ဆေဟာကို ဝေဖန်ခဲ့သည်။
နတ္တဖောက တီးဆေဟာ၏ စွပ်စွဲချက်သည် “အချက်အလက် စစ်ဆေးမှုမရှိဘဲ” ပြုလုပ်ခြင်းဖြစ်ပြီး ဒဏ်ရာရရှိခဲ့သော ထိုင်းစစ်သားနှစ်ဦးသည် ကမ္ဘောဒီးယားမှ ပစ်ခတ်ခဲ့ကြောင်း သက်သေပြနေသည်ဟု ထောက်ပြခဲ့သည်။
တိုက်ပွဲသည် ကုလသမဂ္ဂရုံး၌ ကျင်းပမည့် အော့တဝါ မြေမြှုပ်မိုင်း စာချုပ်ဝင်နိုင်ငံများ အစည်းအဝေးနှင့် ဆက်စပ်မှုရှိမရှိ မေးမြန်းရာတွင် ကမ္ဘောဒီးယားသည် အစည်းအဝေးမတိုင်မီ ထိုင်းကို ရန်လိုသူအဖြစ် ပုံဖော်ရန် ကြိုးပမ်းနေခြင်းဖြစ်နိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာလီ ဆိုချီတာက ထိုင်းတပ်ဖွဲ့များသည် ချမ် ခဆန်ခရိုင်တွင် “သေနတ်များ၊ B-40 စက်သေနတ်များနှင့် ၆၀ မီလီမီတာ မော်တာများ” ကို အသုံးပြု၍ စတင်ပစ်ခတ်ခဲ့သည်ဟု လုံးဝခြားနားသော အချက်ကို တင်ပြခဲ့သည်။
ကမ္ဘောဒီးယားတပ်ဖွဲ့များက ပြန်လည်ပစ်ခတ်ခြင်း မပြုဘဲ ထိုင်းအာဏာပိုင်များနှင့် ချက်ချင်း ဆက်သွယ်ခဲ့သောကြောင့် ညနေ ၂ နာရီ ၃၂ မိနစ်တွင် ဖြစ်ရပ် ရပ်တန့်ခဲ့သည်ဟု ၎င်းက ဆိုသည်။
ကမ္ဘောဒီးယားသည် အာဆီယံ လေ့လာသူအဖွဲ့ (ASEAN Observer Team) ကို အကြောင်းကြားထားပြီး “ပွင့်လင်းမြင်သာမှု၊ မျှတမှုနှင့် မှန်ကန်မှု” ဖြင့် စုံစမ်းစစ်ဆေးရန် တောင်းဆိုထားကြောင်း ဖော်ပြခဲ့သည်။
◾ ဒေသဆိုင်ရာ သံတမန်ရေးနှင့် နောက်ဆက်တွဲအခြေအနေ
ထိုင်းဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး အနျူတင် ချန်ဗီရာကူသည် ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်ရန်အတွက် အပြည့်အဝ ကာကွယ်ရေးဆိုင်ရာ အစီအမံများကို ပြုလုပ်ရန် အမိန့်ပေးခဲ့ပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးများကို ဘေးလွတ်ရာ ရွှေ့ပြောင်းရေးလုပ်ငန်းများ စတင်ရန် ညွှန်ကြားခဲ့သည်။
ဝန်ကြီးချုပ် အနျူတင်သည် ကာကွယ်ရေးဝန်ကြီးနှင့်အတူ ယခုဖြစ်ရပ်နောက်ပိုင်း ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပြည်နယ် လေးခုသို့ မနက်ဖြန်တွင် အရေးပေါ် လေယာဉ်ဖြင့် သွားရောက်မည် ဖြစ်သည်။
ဤဖြစ်ရပ်က အောက်တိုဘာ ၂၆ ရက်က ရေးထိုးခဲ့သော ပစ်ခတ်မှု ရပ်စဲရေး သဘောတူညီချက်သည် မည်မျှ ပျက်စီးလွယ်သည်ကို ထပ်မံ၍ မီးမောင်းထိုးပြခဲ့သည်။ ထို ပစ်ခတ်မှုရပ်စဲရေး သဘောတူညီချက်ကို အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က ကြားဝင်ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် မေလမှစ၍ ထိုင်းစစ်သားတစ်ဦး ၇ ဦးမြောက် ခြေထောက် ပြတ်တောက်သည့် ဖြစ်ရပ်အဖြစ် နိုဝင်ဘာ ၁၁ ရက်က စစ္စကတ်ပြည်နယ် နယ်စပ်တွင် ကင်းလှည့်စဉ် မြေမြှုပ်မိုင်းနင်းမိခဲ့သည်။ ထိုင်းဘက်က ထိုမိုင်းအား ကမ္ဘောဒီးယားဘက်က မိုင်းအသစ်ထောင်ထားခြင်းဖြစ်ကြောင်း အထောက်အထားများ တင်ပြခဲ့သည်။
ထိုဖြစ်ရပ်အပေါ် တုံ့ပြန်သည့်အနေဖြင့် ထိုင်းဝန်ကြီးချုပ် အနုတင်က ပစ်ခတ်မှု ရပ်စဲရေးကို ဆိုင်းငံ့လိုက်မည်ဟု ကြေညာခဲ့သည်။ သို့သော် နှစ်ရက်အကြာတွင် သမ္မတ ထရမ့်ပ်က နှစ်နိုင်ငံအကြား ရန်လိုမှုများကို အောင်မြင်စွာ လျှော့ချနိုင်ခဲ့ပြီး အမေရိကန် ကြားဝင်ဖျန်ဖြေထားသည့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
Ref: Khaosod
