◾️ နယ်စပ်တည်ငြိမ်အေးချမ်းရေးအတွက် နှစ်နိုင်ငံ အစိုးရနှင့် တပ်မတော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်ရန်ပါ ဆွေးနွေး





၇. ၁၂. ၂၀၂၅
Written by Nyein Kyaw
မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr.Sihasak Phuangketkeow ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့ နေပြည်တော်၌ ဂါဝရပြုတွေ့ဆုံစဉ် ထိုင်း-မြန်မာနယ်စပ်တွင် လက်နက်ခဲယမ်းများ တရားမဝင်ရောင်းချနေမှုများကို နိုင်ငံတော်အဆင့် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် ရှည်လျားသည့် သမိုင်းကြောင်းရှိပြီး အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းနိုင်ငံများဖြစ်မှု၊ နှစ်နိုင်ငံ အကြား သဘောတူညီချက်များအား ဆက်လက်အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်လျက်ရှိမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်နေစေရေး ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသကုန်သွယ်မှုများ ပြန်လည်ကောင်းမွန်ရေးအတွက် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးသည် မရှိမဖြစ်လိုအပ်သဖြင့် နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်နှစ်ရပ်အကြားပူးပေါင်း၍ ထိန်းသိမ်း ဆောင်ရွက်သွားရန်လိုအပ်မှုအခြေအနေများအား ဆွေးနွေးခဲ့သည်။
ဆက်လက်၍ နယ်စပ်ဒေသ တရားမဝင်ကုန်သွယ်မှု များမရှိစေရေး ထိန်းသိမ်းဆောင်ရွက်ရန်လိုအပ်မှုအခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသတွင်ရှိသည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို လုပ်ဆောင်လျက်ရှိသည့် KK Park နှင့် ရွှေကုက္ကိုလ်တို့ရှိ အဆောက်အဦများအား မြန်မာနိုင်ငံဘက်မှအမြစ်ပြတ် ဖြိုချဖျက်ဆီးလျက်ရှိမှုအခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသတွင် လက်နက်ခဲယမ်းများ တရားမဝင်ရောင်းချနေမှုများကို နိုင်ငံတော်အဆင့် ပူးပေါင်းထိန်းသိမ်း ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်း ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်အခြေအနေများနှင် ပတ်သက်ပြီး ဆွေးနွေးခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံတွင် ယခုလအတွင်း လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ အတွင်း ထိုင်းနိုင်ငံ၌ ရွေးကောက်ပွဲကျင်းပပြုလုပ်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံ အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်စေရေး ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည့်အခြေအနေများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။
