၇. ၁၂. ၂၀၂၅
Written by Nyein Kyaw


နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောထံသို့ ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Sihasakm Phuangketkeow ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ရုံးအမှတ်(၁၈) ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် သံတမန်ဆက်ဆံမှု ပိုမို တိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်ရေး၊ နှစ်နိုင်ငံ ကုန်သွယ်ရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည် ဖော်ဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။
ထို့အပြင် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင် စွာကျင်းပနိုင်ရန် ဥပဒေနှင့်အညီ အလေးထားဆောင်ရွက်နေမှုနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတွင် အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့်တင်ဆောင်ရွက်သွားမည့် ကိစ္စရပ်များအားဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Sihasakm Phuangketkeow၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
