





၁၈.၁၁.၂၀၂၅
Written By Thandar
TMW Film Production က လေးပွင့်ဆိုင်အချစ်ဇာတ်လမ်းပုံစံ“ ငြိ” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို ယနေ့ နိုဝင်ဘာ ၁၈ ရက် ညနေပိုင်းက ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ နဝဒေးရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ဒီဇာတ်ကားကတော့ မြင့်မြတ်၊ ညီထွဋ်ခေါင်ရယ်၊ ထွန်းပုလဲရတနာနဲ့ နေခြည်ဦးတို့ရဲ့ တစ်ယောက်နဲ့ တစ်ယောက်ငြိကြတဲ့ ဇာတ်လမ်းပုံစံလေးပါ။ ကိုယ်တိုင်တော့ ဟာသတွေရိုက်တာတော့ မဟုတ်ပါဘူး။ ဒရာမာတွေရော အစုံရိုက်ပါတယ်။ တချို့က သိပ်မသိကြတာပါ။ ဟာသဆိုလည်း ဟာသအလျှောက်ပေါ့။ ဦးဇော်ကတော့ ရသစုံ ရိုက်ဖြစ်ပါတယ်။ ဘယ်လိုတွေငြိကြမလဲဆိုတာ လာမယ့် နိုဝင်ဘာ ၂၁ ရက် ရုံတင်ပြသရင် ကြည့်ရှုဝေဖန်ပေးကြဦးလို့ ပြောချင်ပါတယ်”လို့ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)က ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဝတ္ထု ခင်စောဦး၊ ဇာတ်ညွှန်း မယ်ခိုင်၊ ညာလက်တော်နဲ့ မင်းကိုစိုး၊ လက်ထောက် ဒါရိုက်တာအိ၊ ဒါရိုက်တာကိုဇော် (အရုဏ်ဦး)က လေးပွင့်ဆိုင်အချစ်ဇာတ်လမ်းပုံစံကို ၂၀၂၁ ခုနှစ်က ရိုက်ကူးပုံဖော်ခဲ့တာလည်းဖြစ်တယ်လို့ သိရပါတယ်။
သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီ မြင့်မြတ်၊ ညီထွဋ်ခေါင်၊ နေခြည်ဦး၊ ထွန်းပုလဲရတနာ၊ ညီနန္ဒ၊ နေမိုးဝင်း၊ မင်းမြတ်၊ ကေညီ၊ အကယ်ဒမီ ခင်ဇာခြည်ကျော်၊ မိုးခမ်း၊ မိုးပွင့်ဖြူ၊ ရွှေရင်အေး ၊ သဲနန္ဒာစိုး၊ ယမုံ၊ ဝင်းမင်းသန်း၊ အောင်သီဟ၊ ဇော်ဇော်နဲ့အနုပညာရှင်များစွာ ပါဝင်ထားကြပါတယ်။
“ငြိ”ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် နိုဝင်ဘာ ၂၁ ရက်နေ့မှာ တစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးတွေမှာ ရုံတင်ပြသမှာလည်းဖြစ်ပါတယ်။
