နေမိုး
၁၀. ၁၁. ၂၀၂၅
အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာတွင် သာသနာပြုနေသော ကျောင်းထိုင်ဆရာတော်တစ်ပါးကို ရွှေဘိုပကဖက လူဝတ်လဲ ဖမ်းဆီးလိုက်သလို ဖမ်းဆီးခံရပြီး တစ်ပတ်ခန့်အကြာအထိ ပြန်မလွှတ်သေးသဖြင့် အပြည်ပြည်ဆိုင်ရာ သာသနာပြုဆရာတော်တစ်ပါးကို NUG ၏ PDF များက အလွယ်တကူသတ်ဖြတ်လိုက်မည်ကို သံဃာထုက စိုးရိမ်နေကြသည်ဟု MT News က ကနဦး စုံစမ်းသိရသည်။
ဖြစ်စဥ်မှာ ပြီးခဲ့သည့် နိုဝင်ဘာ ၅ ရက်နေ့က ရွှေဘိုမြို့နယ်၊ မြင်းစီးရွာဇာတိဖြစ်သလို အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာတွင် ဝင်းဝင်းနို့ဆီမြန်မာကျောင်းအား တည်ထောင်သာသနာပြုနေသူ ဆရာတော် ဒေါက်တာဝိသုတသည် အိန္ဒိယနိုင်ငံသို့ ပြန်ကြွရန် ရန်ကုန်မြို့သို့ ကားဖြင့် ပြန်လည် ထွက်ခွာလာစဥ် ရွှေဘိုမြို့ အနောက်ဘက်အထွက် ကင်းဗျားရွာအနီးအရောက် ဆရာတော်အား ရွှေဘိုအခြေစိုက် PDF အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

“#ဆရာတော်ကြီးကိုပြန်လွှတ်ပေးကြပါ ။ ရွှေဘိုမြို့ အနောက်ဘက်အထွက် ကင်းဗျားရွာအနီး —- (ရွှေဘို/ရန်ကုန်ကား)ပေါ်မှ အိန္ဒိယသို့ ပြန်ကြွမည့် ဆရာတော်အား PDF အဖွဲ့မှ (5.11.2025)ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ ဆရာတော်ဟာ အိန္ဒိယမှာ #ဝင်းဝင်းနို့ဆီမြန်မာကျောင်း တည်ထောင်ကာ သာသနာပြုနေသော နှစ်နိိုင်ငံချစ်ကြည်ရေး တည်ဆောက်ကာ အိန္ဒိယမှာ ကျောင်းတက်နေသော မြန်မာရဟန်းတော်များအား ကူညီနေသော
ဆရာတော်မို့ ဖမ်းဆီးထားသော အဖွဲ့များမှ
ပြန်လည်ပို့ဆောင်စေချင်ပါတယ်။ ဆရာတော်ကို ငွေအတွက် ပြန်ပေးဆွဲတယ်ဆိုလည်း အကျိုးမရှိပါဘူး။ ဆင်းရဲစွာ သာသနာပြုနေသူမို့ ပြန်လည်ပို့ဆောင်ကြပါရန် တိုက်တွန်းပါတယ်။” ဟု တောင်ပုလဆရာတော် အရှင်ပညာဘောဂနှင့် နာမည်ကျော်ဆရာတော်တစ်ပါးဖြစ်သော ဦးသုနန္ဒ အပါအဝင် သံဃာတော်များက လူမှုကွန်ရက်တွင် တိုက်တွန်းထားသည်။

သို့သော် MT News ၏ စုံစမ်းမှုအရ NUG ၏ PDF အဖွဲ့ဖြစ်သော ရွှေဘိုပကဖများက ဒေါက်တာဝိသုတနှင့် ဒုလ္လဘကိုရင်ကြီးတစ်ပါးကို လူဝတ်လဲ ဖမ်းဆီးသည့်အပြင် ရွှေဘိုဒေသခံ အမျိုးသမီးတစ်ဦးကိုလည်း ဖမ်းဆီးသွားကြောင်း၊ ဒေါက်တာဝိသုတမှာ ပြီးခဲ့သည့် သီတင်းကျွတ်လပြည့်နေ့က ရွှေဘိုမြို့ပေါ်ရှိ သူငယ်ချင်းဆရာတော်တစ်ပါး၏ ဘုရားထီးတင်သို့ အိန္ဒိယနိုင်ငံမှတစ်ဆင့် လာရောက်ခြင်းဖြစ်ပြီး သာသနာပြုဌာနေသို့ပြန်ရေး ရန်ကုန်သို့ပြန်အကြွတွင် ရွှေဘိုပကဖများက ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း၊ ဆရာတော်သည် မြင်းစီးရွာနှင့် ရွှေဘိုဒေသတစ်ဝိုက်မှ ကလေးငယ်များအား ကိုယ်ထူကိုယ်ထပညာသင်ကြားပေးနေသည့်အတွက် ရွှေဘိုပကဖက ပျူစောထီးဘုန်းကြီးဟုသမုတ်ကာ ဖမ်းဝရမ်းထုတ်ထားကြောင်း၊ ထိုအချိန် ဆရာတော်က ရွှေဘိုသို့ပြန်လာသည်ကို သိရှိသွားသဖြင့် အပြန်ခရီးတွင် ပိတ်ဆို့ဖမ်းဆီးခြင်းဖြစ်ကြောင်း၊ အဆိုပါ လမ်းပိုင်း ပိတ်ဆို့ဖမ်းဆီးမှုများအတွင်း ကားသုံးစီးနှင့် ကျပ်သိန်း ၃၀ ကိုလည်း ရွှေဘိုပကဖ ယူငင်သွားကြောင်း MT News က စုံစမ်းသိရသည်။
ထို့အပြင် ဒေါက်တာဝိသုတမှာ အိန္ဒိယစာသင်သားသံဃာများကို ကူညီပေးနေသလို ကလေးငယ်များကိုလည်း စာပေသင်ကြားပေးနေကြောင်း၊ ပျူစောထီးဘုန်းကြီးမဟုတ်သလို ဆရာတော်၏ ရွှေဘိုရှိကျောင်းခွဲကိုလည်း နှစ်ကြိမ်စစ်ဆေးခံရဖူးကြောင်း၊ ထိုသို့ အစွန်းနှစ်ဖက်မှ ကင်းလွတ်သည့်ဆရာတော်ကို ရွှေဘိုပကဖက ခြေလွန်လက်လွန် မသတ်ဖြတ်ခင် NUG နှင့် တာဝန်ရှိသူများက တားမြစ်ပေးရန်လိုကြောင်း စသည်ဖြင့်လည်း တောင်းဆို ရေးသားနေသည်ကို တွေ့ရသည်။

နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့အထိ အကြမ်းဖက်အဖွဲ့များ၏လုပ်ရပ်ကြောင့် သံဃာတော်အပါး ၁၀၀ ကျော် သတ်ဖြတ်ခံထားရသလို သံဃာ အပါး ၁၀၀ ဝန်းကျင်မှာလည်း ဖမ်းဆီး ပြန်ပေးဆွဲခံထားရပြီး အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြသည်ဟု သိရသည်။
အဆိုပါ ဖြစ်စဥ်အပေါ် MT News သတင်းဌာနအနေဖြင့် သက်ဆိုင်ရာဘက်အသီးသီးကို ဆက်လက် အတည်ပြုနေပြီး ထပ်မံသိရှိရသည်များ ဆက်လက် ဖော်ပြပေးမည်ဖြစ်သည်။
(Photo – Credit)
