၁၀.၁၁.၂၀၂၅
Written By Thandar
ခွန်သာချို ရုပ်ရှင်နဲ့ ဗီဒီယိုထုတ်လုပ်ရေးက နတ်ကိုးကွယ်မှုနဲ့ ပတ်သက်တဲ့ ပညာပေးဇာတ်လမ်းပုံစံ “နတ်နဲ့ နဂါးမလှည့်စားနဲ့” ဇာတ်လမ်းတွဲကို နိုဝင်ဘာ ၁၃ ရက်နေ့ စတင်ပြသမယ့်အကြောင်း စာနယ်ဇင်းမိတ်ဆက်ပွဲကို ယနေ့ နိုဝင်ဘာ ၁၀ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ နဝဒေးရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
အဆိုပါအခမ်းအနားကိုတော့ ခွန်သာချို၊ ခိုင်နိုး၊ မာမီသက်၊ ရဲလေးမ၊ အကယ်ဒမီ နွဲ့နွဲ့စန်း၊ အကယ်ဒမီ ဝါဝါအောင်၊ မာယုသာစတဲ့ အနုပညာရှင်များစွာ တက်ရောက်ခဲ့ပြီး လက်ဆောင်တွေပေးအပ်ခဲ့ကာ ဇာတ်ကားအကျဉ်းကို ပြသခဲ့ပါတယ်။





“နတ်နဲ့ နဂါးမလှည့်စားနဲ့ ဇာတ်လမ်းတွဲမှာ ကျွန်တော်ကစရိုက်နှစ်မျိုးနဲ့ပါဝင်ပြီး သရုပ်ဆောင်သွားမှာပါ။ ဒီကားလေးက ကျွန်တော်ရိုက်ကူးနေကြ ပုံစံအတိုင်းလေးပဲ ပညာပေးမယ့် ပုံစံလေးပါ။ နတ်နဲ့နဂါးမလှည့်စားနဲ့ဆိုတဲ့အတိုင်း ဒီကားထဲမှာ ဘယ်လိုမျိုးစိတ်ဝင်စားစရာအကြောင်းအရာတွေ ပါဝင်မလဲဆိုတာကို စောင့်မျှော်ပြီး ကြည့်ရှုအားပေးကြပါဦး”လို့ သရုပ်ဆောင် ခွန်သာချိုက ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း၊ ဇာတ်ညွှန်း ခွန်သာချိုက ရေးသားပြီးတော့ ဒါရိုက်တာမဟာ (M.Sc)က ရိုက်ကူးကာ သရုပ်ဆောင်တွေအနေနဲ့ ခွန်သာချို၊ မင်းသွေးခန့်၊ မင်းသူ၊ ခိုင်နိုး၊ မာမီသက်၊ ဦးဘုန်း၊ ရဲလေးမ၊ ရော်နီ၊ မင်းသိဒ္ဓိအောင် ၊ ရဲခေါင်၊ ရှိန်းနေလင်း၊ Subin Ya Oo၊ ကျော်မိုးမြင့်၊ ရှိုင်းသူရိန်၊ ရှင်သွေး၊ သူရိန်စိုး၊ ဈာန်လေးမာန်၊ ဧည့်သည်သရုပ်ဆောင် အေးမမမျိုး၊ အကယ်ဒမီ နွဲ့နွဲ့စန်း၊ အကယ်ဒမီခင်စိုးပိုင်၊ အကယ်ဒမီ ဝါဝါအောင်၊ မာယုသာ၊ ဆုရှိင်း၊ နန်းခမ်းဝါ၊ မျိုးမျိုးခိုင်၊ ဘိုမ၊ အိမ့်ကြာဖြူ၊ သူဇာပွင့်၊ အိမ့်ခြူးပွင့်၊ ညိုမိ၊ စနိုးမေ၊ ချစ်စနိုး၊ မြတ်သိင်္ဂီတို့ ပါဝင်ကြပါတယ်။
အပိုင်း ၁၉ ပိုင်းစာပါဝင်တဲ့ “နတ်နဲ့နဂါးမလှည့်စားနဲ့ ” ဇာတ်လမ်းတွဲကို လာမယ့် နိုဝင်ဘာ ၁၃ရက်နေ့ ည ၈ နာရီတိုင်းမှာ အပတ်စဉ် တနင်္လာနေ့ကနေ သောကြာနေ့အထိ Fortune TV ရုပ်သံလိုင်းနဲ့ ခွန်သာချို YouTube တို့မှာ ထုတ်လွှင့်ပြသပေးသွားမှာလည်းဖြစ်ပါတယ်။
