◾ ရွေးကောက်ပွဲကို မိတ်ဖက်နိုင်ငံအားလုံးက အသိအမှတ်ပြုထားပြီး နိုင်ငံတကာအဖွဲ့အစည်းများကို ဖိတ်ခေါ်ထားသည့်အတွက် ရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် လွှတ်တော်သည် ဂုဏ်သိက္ခာရှိသည့် လွှတ်တော်တစ်ရပ်အဖြစ် ကမ္ဘာကို ချပြနိုင်မည်ဟုပါ ဆို
၁၀. ၁၁. ၂၀၂၅
Written by Nyein Kyaw
မြန်မာနိုင်ငံ၏ အနာဂတ်ကို မြန်မာနိုင်ငံသားများကသာ ဖန်တီးနိုင်ခွင့်ရှိပြီး တိုင်းတစ်ပါးဩဇာအာဏာနှင့် မည်သည့်ဝင်ရောက်စွက်မှုများကမှ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ အောင်မြင်အောင် ကျင်းပရေးခရီးလမ်းကို ပျက်ပြားအောင် သို့မဟုတ် ပြောင်းလဲအောင် လုပ်ဆောင်နိုင်မည်မဟုတ်ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့တွင် ပြောကြားသည်။
“ဒီနေရာမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး နိုင်ငံတကာအသိအမှတ်ပြုမှုနဲ့ပတ်သက်ပြီး ကျွန်တော်ပြောလိုပါတယ်။ ၂၀၂၄ ခုနှစ်က ကမ္ဘာတစ်ဝန်းမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲများမှာ တည်ဆဲအစိုးရတွေအပေါ် နိုင်ငံတကာက ဝင်ရောက်စွက်ဖက်မှုတွေ ပါဝင်တဲ့ အတင်းအကျပ် ပြုလုပ်မှုဖြစ်စဉ်များကိုလည်း ကျွန်တော်တို့ တွေ့မြင်နိုင်ပါတယ်။ နိုင်ငံတကာ ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲအထောက်အကူပြုအဖွဲ့ရဲ့ ဝက်ဘ်ဆိုတ်မှာ ရွေးကောက်ပွဲဆိုင်ရာ နှစ်စဉ်အစီအရင်ခံစာ အရ ကမ္ဘာတစ်ဝန်းလုံးမှာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲ ၇၄ ခုနှစ်မှာ ၂၂ ခုသာ တည်ငြိမ်စွာ ကျင်းပနိုင်ခဲ့ကြောင်း တွေ့ရပါတယ်။ ကျန်တဲ့ရွေးကောက်ပွဲတွေမှာတော့ သပိတ်မှောက်တာတွေ၊ ရလဒ်အငြင်းပွားတာတွေ၊ ဆန္ဒပြတာတွေ၊ အကြမ်းဖက်မှုတချို့တောင်မှ ဖြစ်ပွားခဲ့ပါတယ်။ နိုင်ငံတကာရဲ့ ဝေဖန်မှု၊ ဝင်ရောက်စွက်ဖက်မှုတွေကိုလည်း တွေ့ရပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
သို့သော် မြန်မာနိုင်ငံသည် လွှတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်ကြောင်း၊ နိုင်ငံခြားရေးမူဝါဒတွင် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သည့်မူဝါဒကို ကျင့်သုံးနေပြီး မြန်မာနိုင်ငံအနေဖြင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မည်မဟုတ်ကြောင်း၊ တိုင်းတစ်ပါးနိုင်ငံများ၏ ဩဇာအာဏာနှင့် မည်သည့်ဝင်ရောက်စွက်မှုများမှလည်း ရွေးကောက်ပွဲကို ပျက်ပြားအောင် မပြုလုပ်နိုင်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက် ပြောကြားသည်။
“ဒီလိုပါပဲ ကျွန်တော်တို့ နိုင်ငံရဲ့ ပြည်တွင်းရေး၊ ကိုယ့်နိုင်ငံကိုယ်သမိုင်းကြောင်းနဲ့အညီ ဆောင်ရွက်ရတဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေဟာ ကျွန်တော်တို့နိုင်ငံရဲ့ ပြည်တွင်းရေးသက်သက်၊ ကျွန်တော်တို့နိုင်ငံရဲ့ ပြည်သူတွေရဲ့အရေးသက်သက်သာဖြစ်ပါတယ်။ တိုင်းတပါးနိုင်ငံများရဲ့ ဩဇာအာဏာနဲ့ မည်သည့်ဝင်ရောက်စွက်ဖက်မှုကမှ ကျွန်တော်တို့နိုင်ငံရဲ့ ရွေးကောက်ပွဲအောင်မြင်အောင် ကျင်းပရေးခရီးလမ်းကို ပျက်ပြားအောင် ဒါမှမဟုတ် ပြောင်းလဲအောင် လုပ်လို့မရဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ပြောကြားလိုပါတယ်။ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံသားတွေဖြစ်တယ်။ မြန်မာနိုင်ငံသားတွေရဲ့ အနာဂတ်ကို မြန်မာနိုင်ငံသားတွေကပဲ ဖန်တီးပိုင်ခွင့်ရှိပါတယ်။ မြန်မာ့အရေးကို ရွေးကောက်ပွဲ မဲပေးတဲ့ကျွန်တော်တို့ နိုင်ငံသားတွေကပဲ အသိအမှတ်ပြုဆုံးဖြတ်ရပါမယ်။ ဒါဆိုရင် လုံလောက်နေပြီဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲအား နိုင်ငံတကာမှ တုံ့ပြန်မှုများရှိနေသော်လည်း မိတ်ဖက်နိုင်ငံများ၏ ထောက်ခံမှုများကို အခိုင်အမာရရှိထားသည့်အပြင် နိုင်ငံတကာအဖွဲ့အစည်းများကို လာရောက်ကြည့်ရှုရန် ဖိတ်ခေါ်ထားသည့်အတွက် ယခုရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် လွှတ်တော်သည် ဂုဏ်သိက္ခာရှိသည့် လွှတ်တော်တစ်ရပ်ဖြစ်ကြောင်း ကမ္ဘာကို ချပြနိုင်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“မြန်မာနိုင်ငံက ရွေးကောက်ပွဲ အပေါ်မှာ ကွဲပြားခြားနားတဲ့ နိုင်ငံတကာ တုံ့ပြန်မှုတွေရှိသော်လည်း မိတ်ဖက်နိုင်ငံများရဲ့ ထောက်ခံမှုများကတော့ ကျွန်တော်တို့ အခိုင်အမာရရှိပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များကိုလည်း အားလုံးက အသိအမှတ်ပြုပြီးဖြစ်ပါတယ်။ ကိုယ့်နိုင်ငံရဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို လိပ်ပြာလုံစွာ ဆောင်ရွက်ထားတဲ့အတွက် မြန်မာနိုင်ငံရဲ့ မိတ်ဖက်နိုင်ငံများ နိုင်ငံတကာအဖွဲ့အစည်းများ အခြားနိုင်ငံများကိုပါ ကျွန်တော်တို့ရဲ့ ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေကို လာရောက်ကြည့်ရှု့လေ့လာဖို့ ဖိတ်ခေါ်ထားပြီးဖြစ်ပါတယ်။ ဒါ့အတူပဲ ပြည်တွင်းပြည်ပ နိုင်ငံတကာမီဒီယာများကိုလည်း ဖိတ်ခေါ်ထားပြီးဖြစ်ပါတယ်။ မဲမသမာမှုများ မရှိစေဖို့ ခေတ်မီနည်းပညာသုံး MEVL စက်များကိုလည်း အသုံးပြုထားတာဖြစ်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ လွှတ်တော်ဟာ ဂုဏ်သိက္ခာရှိတဲ့ လွှတ်တော်တစ်ရပ်ဖြစ်ကြောင်း ကမ္ဘာကို ချပြနိုင်မှာဖြစ်ပါတယ်”ဟုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ထပ်ဆင့် ပြောကြားသည်။
