၁၀. ၁၁. ၂၀၂၅
Written by Nyein Kyaw
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ရွေးကောက်ပွဲ အပိုင်း(၂) ကျင်းပအပြီး နှစ်ပတ်ခြားအကြာ (၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်)မတိုင်မီ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့တွင် ပြောကြားသည်။
“ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲရဲ့ ရွေးကောက်ပွဲအပိုင်း (၁) ကို အခုလာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ စတင်ကျင်းပမှာဖြစ်ပါတယ်။ မိဘပြည်သူများလည်း အားလုံးသိရှိပြီးဖြစ်ပါတယ်။ ဒီနေ့ဆိုရင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပေါင်း ၄၈ ရက်သာ လိုတော့သာဖြစ်ပါတယ်။ ရွေးကောက်ပွဲ အပိုင်း (၂) ကိုလည်း ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ဒီလိုပဲ ရွေးကောက်ပွဲ အပိုင်း (၃) ကိုလည်း ရွေးကောက်ပွဲ အပိုင်း (၂) ရဲ့ နှစ်ပတ်ခြားအကြာမှာ ကျင်းပသွားမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ရွေးကောက်ပွဲ အပိုင်း (၁) အား မြို့နယ်ပေါင်း ၁၀၂ မြို့နယ်တွင်လည်းကောင်း၊ ရွေးကောက်ပွဲအပိုင်း (၂) ကို မြို့နယ်ပေါင်း ၁၀၀ တွင်လည်းကောင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပြီဖြစ်သည်။ ရွေးကောက်ပွဲ အပိုင်း (၃) တွင်မူ မြို့နယ်ပေါင်း မည်မျှကျင်းပသွားမည်ကိုမူ ထုတ်ပြန်ထားခြင်းမရှိသေးပေ။
