၁၀.၁၁.၂၀၂၅
Written by Nay Yaung Lin
တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံရှိအထည်ချုပ်လုပ်ငန်းရှင် ၁၀၀ ခန့် လာရောက်ပြသမည့်”မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရားကုန်စည်ပြပွဲ ၂ဝ၂၅” ရန်ကုန်မြို့၊ အင်းလျားလိတ်ဟိုတယ်ရှိ Yangon Convention Center(YCC) ခန်းမတွင် YCC သုံးရက်ကြာပြုလုပ်မည်ဖြစ်သည်။
ယခုပြပွဲကို မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) နှင့် Chinese Textile & Garment Association in Myanmar (CTGA) တို့ ပူးပေါင်းကာ တတိယအကြိမ်မြောက်ပြုလုပ်ခြင်းဖြစ်ပြီး ယင်းပြပွဲနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၁၀ ရက်က ရန်ကုန်မြို့ရှိ UAB တာဝါတွင် ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမြင့်စိုးက ” ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံရှိအထည်အလိပ်လုပ်ငန်းရှင်များအတွက် နည်းပညာအသစ်တွေကို ပေးချင်ပါတယ်။ ဒီပြပွဲမှတစ်ဆင့် မြန်မာ့အထည်အလိပ်လုပ်ငန်းက နိုင်ငံတကာအဆင့်သို့ တက်လှမ်းသွားမယ့်လမ်းကြောင်းကို ပိုမိုသိသာအောင် ဖော်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု
ပြောကြားခဲ့သည်။
MGMA အနေဖြင့် မြန်မာအထည်ချုပ်လုပ်ငန်းမှ ထုတ်ကုန်များအတွက် ဈေးကွက်အသစ်များရရှိရန်ဆောင်ရွက်လျက်ရှိပြီး ကုန်စည်ပြပွဲများ၊ စီးပွားရေးမိတ်ဖက်တိုက်ရိုက်တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ပေးပြီး အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲများတွင် ဝင်ရောက်ပြသခြင်းဖြင့် မြန်မာအထည်များလုပ်ကိုင်နိုင်စွမ်းကို တစ်ကမ္ဘာလုံးရှိ ဝယ်လက်များသိအောင်ကြိုးစားဆောင်ရွက်ရှိကြောင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ဆက်လက် ပြောကြားခဲ့သည်။

အဆိုပါပြပွဲကို တရုတ်-မြန်မာ နှစ်နိုင်ငံအထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်းများ၊ မြန်မာနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေးဆိုင်ရာဆက်ဆံရေးများ၊ အလားအလာရှိသည့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ရေရှည်ပြုလုပ်နိုင်ရန်နှင့် မြန်မာနိုင်ငံအထည်ချုပ်ကဏ္ဍဖွံဖြိုးတိုးတက်ရန် ရည်ရွယ်ကာ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
“မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲ ၂ဝ၂၅ ” ပြပွဲတွင် တရုတ်နိုင်ငံမှ အမှတ်တံဆိပ် ၁၀ ခုခန့် နှင့် အထည်အလိပ်နှင့် အဝတ်အထည်၊ ဆက်စပ်ပစ္စည်းများ၊ အဝတ် အထည်ဆိုင်ရာ စက်ပစ္စည်းများ ပြသသူ ၁၀၀ ကျော်တို့မှ ၎င်းတို့၏ ထုတ်ကုန်များကို လာရောက်ပြသကြမည်ဖြစ်ပြီး မြန်မာ့အသေးစားအလတ်စားလုပ်ငန်းများ၏ Made in Myanmar ထုတ်ကုန်များကိုလည်း မြှင့်တင်သွားရန်ရှိကြောင်း သိရသည်။

ထို့ပြင် အာဆီယံနိုင်ငံများမှ အထည်ချုပ်လုပ်ငန်းရှင်များအသင်းအဖွဲ့ဖြစ်သော ASEAN Federation of Textile (AFTEX) မှ ကျွမ်းကျင် သုံးသပ်သူများ၏ အထည်ချုပ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ Panel Discussion များ၊ ဖျော်ဖြေရေးအစီအစဉ်များအနေဖြင့် မြန်မာတိုင်းရင်းသားရိုးရာ ဝတ်စုံပြပွဲများ၊ တရုတ် – အာဆီယံနိုင်ငံများမှ ရိုးရာဝတ်စုံပြပွဲများ၊ CMP and Local brands Fashion Show နှင့် Exhibitors’ Business Matching p Garment related industries များ၏ ဆွေးနွေးပွဲများလည်း ပါဝင်မည်ဖြစ်သည်။
ယင်းပြပွဲသို့ လာရောက်မည့်သူများအနေဖြင် သက်ဆိုင်ရာပြခန်းများမှ ကိုယ်စားလှယ်များနှင့် တိုက်ရိုက်ဆက်သွယ်နိုင်မည့်ဖြစ်ပြီး လုပ်ငန်းပိုင်းဆိုင်ရာများတွင်လည်း အကျိုးတူပူးပေါင်း ဆောင်ရွက်မှုများကိုမြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊နိုင်ငံတကာမိတ်ဖက်များအနေဖြင့်လည်း ပြပွဲတွင်ခင်းကျင်းပြသမည့် ဒေသတွင်းအထည်အလိပ်နှင့် အထည်ချုပ်စက်ရုံများ၏ လုပ်ငန်းစွမ်းဆောင်ရည်နှင့် အဝတ်အထည် ထုတ်လုပ်မှုဆိုင်ရာ နောက်ဆုံးပေါ်နည်းပညာများကို လေ့လာနိုင်မည်ဖြစ်သလို Made in Myanmar ထုတ်လုပ်သူများထံမှ ရောင်စုံဆန်းပြားသော အထည်အလိပ်ထုတ်ကုန်ပစ္စည်းများ၊ နောက်ဆုံးပေါ်နည်းပညာများနှင့် စက်ပစ္စည်းများကို လေ့လာခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
