၁၀.၁၁.၂၀၂၅
Translated by Htwe Ko Tun
ဖိလစ်ပိုင်နိုင်ငံတွင် အနည်းဆုံးလူနှစ်ရာကျော်သေဆုံးခဲ့ရသည့် တိုင်ဖွန်း ခန့်မေဂီ တိုက်ခတ်၍ ရက်သတ္တပတ် တစ်ပတ်မပြည့်မီမှာပင် နိုဝင်ဘာလ ၉ ရက်ညက စူပါတိုင်ဖွန်း ဖွန်ဝမ်က ကုန်းတွင်းဝင်ရောက်ခဲ့ရာ လေပြင်းများတိုက်ခတ်၍ မိုးသည်းထန်စွာရွာသွန်းပြီး ပြည်သူ ၁ ဒသမ ၄ သန်းခန့် အိုးအိမ်များ စွန့်ခွာထွက်ပြေးကာ အိုးမဲ့အိမ်မဲ့ ဘဝရောက်ရှိခဲ့ရပြီး မုန်တိုင်းကြောင့် အနည်းဆုံး လူနှစ်ဦး သေဆုံးခဲ့ရကြောင်း နိုဝင်ဘာလ ၁၀ ရက် နံနက်သတင်းများက ဖော်ပြခဲ့ကြသည်။
စူပါတိုင်ဖွန်း ဖွန်ဝမ်က နိုဝင်ဘာလ ၉ ရက် ည ဒေသစံတော်ချိန် ၉ နာရီ ၁၀ မိနစ်တွင် နိုင်ငံအရှေ့ဘက် အော်ရိုရာ ပြည်နယ်ကမ်းခြေမှ ကုန်းတွင်းဝင်ရောက်ခဲ့ကာ နိုဝင်ဘာလ ၉ ရက်တစ်ညလုံး လေတိုက်နှုန်း တစ်နာရီ မိုင် ၁၃၀ ခန့်အထိရောက်ရှိပြီး လူဇုန်ကျွန်းကို ဖြတ်သန်းတိုက်ခတ်သွားခဲ့သည်။
စူပါတိုင်ဖွန်းကြောင့် အော်ရိုရာပြည်နယ်အတွင်း အိုးအိမ်အများအပြားပျက်စီးကာ လမ်းအချို့မှာလည်း မြေပြိုပျက်စီးမှုများကြောင့် ဖြတ်သန်းသွားလာ၍မရဘဲ အက်ကွဲနေသည်ကို တွေ့ကြရသည်။ ကမ်းခြေရှိအိမ်များ၊ စက်လှေများဆိုလျှင် လှိုင်းလုံးများရိုက်ခတ်မှုကြောင့် ပြင်းထန်စွာ ရိုက်ချိုးခံရသလို ကြေမွပျက်စီးကြရကြောင်း သိရသည်။
နိုဝင်ဘာလ ၁၀ ရက် နံနက်တွင်မူ တိုင်ဖွန်းအဆင့်သို့ လျော့ကျသွားခဲ့သော ဖွန်ဝမ်မုန်တိုင်းက တစ်နာရီ လေတိုက်နှုန်း မိုင် ၁၀၀ ခန့်နှုန်းဖြင့် ဖိလစ်ပိုင်အနောက်ကမ်းရိုးတန်းမှထွက်ခွာ၍ တောင်တရုတ်ပင်လယ်အတွင်း အနောက်မြောက်ဆီသို့ ဦးတည်ရွေ့လျားနေသည်။
ဖွန်ဝမ်မုန်တိုင်းက လာမည်နှစ်ရက်မှ သုံးရက်အတွင်း တိုင်ဝမ်ကျွန်းအား အပူပိုင်းမုန်တိုင်းအဖြစ်ဆက်လက်ဖြတ်သန်းနိုင်ကြောင်း သိရသည်။
Ref – inquirer.net




