သက်တန့်
၁၀. ၁၁. ၂၀၂၅
ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးတွင် ရှေ့ဘီးပေါက်သည့် Ertiga ယာဥ်တစ်စီးက လမ်းဘေး Guard Rail တန်းကို ဝင်တိုက်မိမှုကြောင့် ကလေးငယ်တစ်ဦးသေဆုံးရမှု ယနေ့နံနက်ပိုင်းကဖြစ်ပွားခဲ့သည်ဟု မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။
ဖြစ်စဥ်မှာ ယနေ့ နိုဝင်ဘာ ၁၀ ရက် နံနက် ၆ နာရီ ၅၅ မိနစ်အချိန်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၀၁/၇)နှင့် (၁၀၂/၀)ကြားတွင် Suzuki Ertiga အမျိုးအစား(အဖြူရောင်)ယာဉ်သည် ရှေ့ဘီးပေါက်၍ လမ်းဘေးတွင် ကာရံထားသော Guard Rail တန်းအား ဝင်ရောက်တိုက်မိမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ၁၁၅ မိုင် အမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့သည်ဟု သိရသည်။ ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂ ဦး၊ ကလေးငယ် (ကျား) ၁ဦး စုစုပေါင်း ၆ ဦးအနက် ကလေးငယ် သေဆုံးသွားသဖြင့် သေဆုံးရုပ်အလောင်းအား ၁၁၅ မိုင် ကြက်ခြေနီအသင်းယာဉ်ဖြင့် ဖြူးပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။
ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်ကလည်း ရန်ကုန်- မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် (၆၅/၁)နှင့် (၆၅/၂) ကြားတွင် Soueast အနက်ရောင်ယာဉ်သည် Signal မီးပြ၍ ယာဘက်လမ်းဘေးတွင်ရပ်ထားစဉ် လားရာတူဘက်မှမောင်းနှင်လာသော Nissan Condor (အပြာရောင်)ကုန်ကားမှ အရှိန်မထိန်းနိုင်ဘဲ တိုက်မိပြီး ကုန်တင်ယာဉ်တိမ်းမှောက်သွားကြောင်း သတင်းရရှိသဖြင့် ဥသျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့သည်။
အဆိုပါဖြစ်စဉ်ကြောင့် Soueast (အနက်ရောင်)ယာဉ်ပေါ်ပါ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦးအနက် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရသူ(မစိုးရိမ်ရ)အား ဥသျှစ်ကုန်းအမြန်လမ်းရဲတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် မြို့ချောင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ကုန်တင်ယာဉ်ပေါ်ပါ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦးတို့ ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း သိရသည်။


