◾️ လူမှုကွန်ရက်ပေါ် ရိုက်ခတ်လာသည့် အမြင်မတူ၊ ခွဲခြားဆက်ဆံခံရမှုများနှင့် ယနေ့လူငယ်မျိုးဆက်သစ်များ အနာဂတ် မရေရာမှုကြောင့် ကမ္ဘာ့အလယ် မျက်နှာငယ်စရာများနှင့်ပါ ရင်ဆိုင်နေကြရဟုပါဆို
နေမိုး
၇. ၁၁. ၂၀၂၅
လုံခြုံရေးစိန်ခေါ်မှုများနှင့် တရားမဝင်ဂိတ်များ ဖွင့်လှစ်ထားခြင်းကြောင့် သယ်ယူပို့ဆောင်စရိတ် မြင့်တက်လာ၍ ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့်လာမှုကို ပြည်သူတစ်ရပ်လုံး ခါးစည်းခံနေကြရသည်ဟု ပြည်သူ့ရှေ့ဆောင်ပါတီ (PEOPLE’S PIONEER PARTY – PPP) ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။
ထို့အပြင် “ကျွန်မတို့ မြန်မာနိုင်ငံဟာ ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းကစပြီး ၂၀၂၂ ခုနှစ် နှောင်းပိုင်းအထိ ခံစားခဲ့ရတဲ့ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် – ၁၉ ဘေးကြီးမပြီးဆုံးခင်မှာဘဲ နိုင်ငံရေး အပြောင်းအလဲများနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။ တစ်ဆက်တည်းဆိုသလိုပဲ ၂၀၂၃ ခုနှစ် မိုခါမုန်တိုင်း၊ ၂၀၂၄ ခုနှစ် ယာဂီမုန်တိုင်းကြောင့် ရေကြီးရေလျှံခြင်း၊ ၂၀၂၅ ခုနှစ် မတ်လမှာ မန္တလေး ငလျင်ကြီးဒဏ်တို့ကို ပြင်းထန်စွာ ခံစားခဲ့ကြရပါတယ်။ ဒါ့အပြင် လျှပ်စစ်မီး မလုံလောက်မှုနဲ့ ကုန်ကြမ်းတင်သွင်းမှု အကန့်အသတ်များကြောင့် ပြည်တွင်း စိုက်ပျိုး၊ မွေးမြူ၊ ထုတ်လုပ်မှု စရိတ်စကများ ကြီးမြင့်လာပါတယ်။ လုံခြုံရေး စိန်ခေါ်မှုများနဲ့ တရားမဝင်ဂိတ်များ ဖွင့်လှစ်ထားခြင်းကြောင့် သယ်ယူပို့ဆောင်စရိတ်တွေ မြင့်တက်လာလို့ ကုန်ဈေးနှုန်း အဆမတန် ကြီးမြင့်လာတာကို ပြည်သူတစ်ရပ်လုံး ခါးစည်းခံနေကြရပါတယ်။ နိုင်ငံရေးမှာလည်း ပြည်သူများအကြား စည်းလုံးညီညွတ်မှုပြိုကွဲပြီး ပဋိပက္ခများကြောင့် လုံခြုံရေးစိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်နေကြရလို့ ငြိမ်းချမ်းစွာ နေထိုင်လိုကြကြောင်း ပြင်းပြတဲ့ဆန္ဒများ ပြည်သူတစ်ရပ်လုံးမှာ ရှိနေတာကို တွေ့ရပါတယ်။ ပြည်သူ့ရှေ့ဆောင်ပါတီအနေနဲ့ လူထုဘဝများ ငြိမ်းချမ်းလုံခြုံစွာရှိဖို့အတွက် ထာဝရငြိမ်းချမ်းရေးကိုရှေးရှုတဲ့ ပဋိပက္ခများ လျှော့ချရေးကို ဦးစားပေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ရှင်။ ပဋိပက္ခတွေအကြားမှာ လူငယ်တွေအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်း နည်းပါးလာလို့ ကျေးလက်က မြို့ပေါ်၊ ပြည်တွင်းက ပြည်ပသို့ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်သူ များပြားလျက်ရှိပါတယ်။ လူမှုကွန်ရက်ပေါ်က ရိုက်ခတ်လာတဲ့ အမြင်မတူ၊ ခွဲခြားဆက်ဆံခံရမှုများကြောင့် ယနေ့လူငယ်မျိုးဆက်သစ်များရဲ့ အနာဂတ် မရေရာမှုကြောင့် ကမ္ဘာ့အလယ်မှာ မျက်နှာငယ်စရာတွေနဲ့ ရင်ဆိုင်နေကြရပါတယ်” ဟု ဒေါက်တာ သက်သက်ခိုင်က ပါတီ၏မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဆွေးနွေးဟောပြောစဉ် တင်ပြခဲ့သည်။
ထို့အပြင် ပြည်သူ့ရှေ့ဆောင်ပါတီအနေဖြင့် ပထမဦးစွာလုပ်ဆောင်မည့် ကဏ္ဍများအဖြစ် ကုန်စျေးနှုန်းကျဆင်းရေး၊ သဘာဝဘေးနှင့် ပဋိပက္ခအလွန် ပြန်လည်ထူထောင်ရေး ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍများကို ဦးစားပေးလုပ်ဆောင်မည်ဟုလည်း ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။
“ပထမဦးစွာ ပြည်သူတစ်ရပ်လုံးရဲ့ ဝင်ငွေနဲ့အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်စေဖို့ လူထုဘဝအတွက် အဓိကကျတဲ့ စိန်ခေါ်မှုကြီးဖြစ်တဲ့ ကုန်ဈေးနှုန်း အမြန်ဆုံးကျဆင်းရေးကို တစ်ဖက်က ဆောင်ရွက်သလို လူထုရဲ့ဝင်ငွေနဲ့ အလုပ် အကိုင် အခွင့်အလမ်းများကို တိုးတက်ဖို့ ဟန်ချက်ညီညီ ကြိုးစားဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အလုပ်လက်မဲ့ လူငယ်တိုင်းအလွယ်တကူ အလုပ်ရှာဖွေနိုင်ဖို့၊ အခြေခံလုပ်သားများအားလုံး လုပ်ခသင့်ပြီး လုပ်သာတဲ့လစာရရှိဖို့ အလုပ်ရှင်များနဲ့ ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ တောင်သူများ ဝင်ငွေတိုးနိုင်မဲ့မျိုးစေ့၊ နည်းပညာ၊ ချေးငွေလုံလောက်စွာ ပံ့ပိုးပေးခြင်း၊ ဒစ်ဂျစ်တယ် စီးပွားရေးကို အားပေးခြင်းဖြင့် ပြည်သူများ အပိုဝင်ငွေရရှိစေခြင်း၊ ရွှေ့ပြောင်းလုပ်သားနှင့် ပြည်ပရောက်မြန်မာများက မိသားစုထံကောင်းမွန် လွယ်ကူတဲ့ ငွေလွှဲဝန်ဆောင်မှု နည်းလမ်းများကို ဖော်ထုတ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ဝင်ငွေနည်း အိမ်ထောင်စုများ၊ မသန်စွမ်းသူများ၊ ထိခိုက်နစ်နာလွယ်သူများထံ တိုက်ရိုက်ထောက်ပံ့ပေးနိုင်မယ့် အစီအစဉ်များကိုလည်း စနစ်တကျ ဖော်ထုတ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ရှင်။ ဒါ့အပြင်နိုင်ငံ့အကျိုးကို ဆတက်ထမ်းပိုး အလုပ်လုပ်ပေးနေကြတဲ့ ဝန်ထမ်းများ၊ အထူးသဖြင့် နယ်စွန်နယ်ဖျား ပဋိပက္ခတွေအကြားမှာ သက်စွန့်ဆံဖျား ကြိုးပမ်းဆောင်ရွက်နေကြတဲ့ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနဲ့ နိုင်ငံ့ဝန်ထမ်းများကိုလည်း ရှားပါးစရိတ် တိုးမြှင့်ထောက်ပံ့ဖို့၊ စွမ်းဆောင်ရည်၊ ပညာအရည်အချင်း၊ ကျွမ်းကျင်မှုနဲ့အတွေ့အကြုံအလိုက် ထိုက်တန်တဲ့ခံစားခွင့်နဲ့ ရာထူးတိုးခွင့် စဉ်းစားပေးဖို့၊ နောင်ရေး အာမခံချက်ရှိစေမယ့် ဆုငွေ၊ အိမ်ရာ၊ ပင်စင်၊ အာမခံ၊ ပညာတော်သင်နဲ့ အပိုဆုကြေးစနစ်များ ထူထောင်ပေးဖို့ ဦးစားပေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ရှင်။ အခွန်ထမ်း ပြည်သူတိုင်း အိမ်ရာပိုင်ဆိုင်နိုင်ဖို့ နှစ်ရှည်ချေးငွေစနစ်နဲ့ အိမ်ဝယ်ပိုင်ခွင့်၊ လုပ်သားများအတွက် အငှားအိမ်ရာစနစ် ခံစားပိုင်ခွင့်၊ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များအတွက် အိမ်ရာစီမံကိန်းများမှာ ရင်းနှီးမြှုပ်နှံလိုရင် နှစ်ရှည်အိမ်ရာ ချေးငွေလျှောက်ထားခွင့်များကို စနစ်တကျ ချမှတ်ဆောင်ရွက်လျက် အိမ်ခြံမြေနဲ့ဆောက်လုပ်ရေး ကဏ္ဍများအတွက် ဝယ်လိုအားကို မြှင့်တင်သွားမှာ ဖြစ်ပါတယ်ရှင်”ဟု ယင်းက ဆိုသည်။
အလားတူ ဒုတိယဦးစားပေးအဖြစ် ပြည်သူလူထုငြိမ်းချမ်းလုံခြုံရေးအတွက် အပစ်အခတ်ရပ်စဲ၍ ငြိမ်းချမ်းရေးအသီးအပွင့်များ အားလုံးညီမျှစွာ ခံစားနိုင်ရေး၊ ပဋိပက္ခများ လျှော့ချရေး၊ ဆွေးနွေးညှိနှိုင်းရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရေး သင်ပုန်းချေရေး၊ လက်စားမချေရေး၊ တရားမျှတရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေး၊ ဒီမိုကရေစီရေး၊ ပြည်သူ့အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စသည်တို့အပြင် တတိယဦးစားပေးအဖြစ် ဈေးကွက်စီးပွားရေးစနစ်ကို ပြန်လည်ထူမပေးပြီး အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ရန်၊ ကုန်ဈေးနှုန်းမြင့်တက်နေခြင်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို လျှော့ချမည့် မက်ကရိုစီးပွားရေးတည်ငြိမ်ရေးအတွက် ကျပ်ငွေတန်ဖိုး ခိုင်မာစေရန် စသည့်အချက်များစွာကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒေါက်တာသက်သက်ခိုင်က ဆက်လက်ပြောကြားသည်။
