၇. ၁၁. ၂၀၂၅
Written by Nyein Kyaw
ငှက်ဖျားရောဂါဖြစ်ပွားမှုကို ရာနှုန်းပြည့်ခန့် လျော့ကျအောင် ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်သော်လည်း ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားပြီးနောက် ထိန်းချုပ်ရေးနှင့် ကူးစက်မှုပပျောက်ရေး လုပ်ငန်းများအား ထိခိုက်စေခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက ယမန်နေ့က ပြုလုပ်သည့် ငှက်ဖျားရောဂါတိုက်ဖျက်ရေး စီမံချက်လုပ်ငန်းများအား ဆန်းစစ်သုံးသပ်ခြင်းမှ တွေ့ရှိချက်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပွဲတွင် ပြောကြားသည်။
မြန်မာနိုင်ငံသည် ၂၀၃၀ ပြည့်နှစ်တွင် ငှက်ဖျားရောဂါပိုးအားလုံး ကူးစက်မှုပပျောက်စေရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်း၊ လွန်ခဲ့သောဆယ်စုနှစ်အတွင်း ငှက်ဖျားရောဂါ ထိန်းချုပ်ရေးတွင် သိသာထင်ရှားသော တိုးတက်မှုများရရှိခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ငှက်ဖျားရောဂါ ဖြစ်ပွားမှုအရေအတွက်သည် ၈၈ ရာနှုန်းလျော့ကျခဲ့ပြီး သေဆုံးမှုမှာ ၉၇ ရာနှုန်းအထိ လျော့ကျခဲ့ကြောင်း ဒုဝန်ကြီးက ပြောကြားသည်။
သို့ရာတွင် ကိုဗစ်- ၁၉ ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားပြီးနောက်ပိုင်း ငှက်ဖျားရောဂါထိန်းချုပ်ရေးနှင့် ကူးစက်မှုပပျောက်ရေးလုပ်ငန်းများ၊ အထူးသဖြင့် ကွင်းဆင်းဆောင်ရွက်ရန် လိုအပ်သည့် ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှင့် Entomological (ပိုးမွှားဗေဒဆိုင်ရာ) စောင့်ကြပ်ကြည့်ရှုလေ့လာရေး လုပ်ငန်းများ၏ တိုးတက်မှုကို ထိခိုက်စေခဲ့ကြောင်း ဒုဝန်ကြီးက ပြောကြားသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ ငှက်ဖျားရောဂါ ဖြစ်ပွားသူ စုစုပေါင်း ၁၂၆,၅၆၂ ဦးကို စစ်ဆေးတွေ့ရှိကုသပေးနိုင်ခဲ့ကြောင်း၊ ငှက်ဖျားရောဂါ စောင့်ကြပ်ကြည့်ရှုလေ့လာခြင်း၊ ရောဂါဖြစ်ပွားမှု တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ရန်နှင့် ရွှေ့ပြောင်းသွားလာသူများအကြား ငှက်ဖျားရောဂါ စစ်ဆေးကုသမှုများကို သေချာဆောင်ရွက်ရန် လိုအပ်ကြောင်း ဒုဝန်ကြီးက ပြောကြားသည်။
