၇.၁၁.၂၀၂၅
Written by Hey Mar
ထိုင်းနိုင်ငံရှိ သစ်သီးကနေ ကုန်ချောထုတ်လုပ်တဲ့ စက်ရုံတစ်ခုမှာ အလုပ်လုပ်နေရင်း စက်ရုံရဲ့ စက်ပစ္စည်းချို့ယွင်းကာ ဝိတ်တုံးလိုလေးလံတဲ့အရာတစ်ခု ခေါင်းပေါ်ပြုတ်ကျပြီး မတော်တဆသေဆုံးခဲ့ရတဲ့ ထိုင်း – မြန်မာ MOU လုပ်သားတစ်ဦးရဲ့ နစ်နာကြေးကို Worker Alliance Group အလုပ်သမားမဟာမိတ်အဖွဲ့က လိုက်လံကူညီရယူကာ မိသားစုဆီ ဒီနေ့ နိုဝင်ဘာ ၇ ရက်နေ့မှာ ပေးအပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဖြစ်စဉ်က ထိုင်းနိုင်ငံ၊ ပကျွတ်မြို့နယ်ရှိ စက်ရုံမှာ ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ သေဆုံးသူက မြန်မာနိုင်ငံသား ကိုအောင်မျိုး ၃၉ နှစ်လို့ သိရပြီး သူကိုင်တွယ်ပြုလုပ်နေရတဲ့ ဖိစက်က အလုပ်လုပ်နေရင်း စက်ချို့ယွင်းမှုကြောင့် ကြည့်ရှုစစ်ဆေးစဉ်မှာ ကိုအောင်မျိုး ခေါင်းပေါ်ကိုပြုတ်ကျလို့ နေရာတင်သေဆုံးခဲ့ရတာလို့ သိရပါတယ်။
WAG အလုပ်သမားမဟာမိတ်အဖွဲ့ ဝင်ရောက်ကူညီဖြစ်တာက စက်ရုံက ကိုအောင်မျိုးကို မိသားစုမရှိဘူးလို့ သတ်မှတ်ကာ သင်္ဂြိုဟ်ဖို့ ပြုလုပ်နေတာမို့ လုပ်ဖော်ကိုင်ဘက်တွေက မိသားစုကို ကူညီချိတ်ဆက်နေဆဲ အချိန်အတွင်း WAG ထံ အကျိုးအကြောင်းပြောပြ ဆက်သွယ်အကူအညီတောင်းတာလို့ သိရပါတယ်။
WAG အလုပ်သမားမဟာမိတ်အဖွဲ့မှ တာဝန်ရှိသူက “စက်ရုံဘက်က သူဌေးက မိသားစုမရှိလို့ စက်ရုံက သင်္ဂြိုဟ်မယ်ဆိုပြီး စီစဉ်လို့ ကျွန်တော်တို့အဖွဲ့က ဆေးရုံ အအေးခန်းကနေ အလောင်းမထုတ်ဖို့ တားတယ်။ အတင်းအကြပ်လုပ်ရင် အမှုဖွင့်မယ်ပေါ့။ အဲ့လိုဝင်ကူတော့ စက်ရုံဘက်က ပြောတာက ဒီအလုပ်သမားက သူတို့ဆီ လုပ်တာကြာပြီပေါ့။ မိသားစု လိုက်လာတာ၊ သူပြန်သွားတာ မကြားဖူးဘူး။ မတွေ့ဖူးဘူး။ မသိဘူးပေါ့။ ဒါကြောင့် သူတို့စီစဉ် ကူညီတာလို့ ပြောတယ်။ မိသားစုတွေက မြန်မာနိုင်ငံမှာ ကိုအောင်မျိုး မိခင်ရော၊ သမီးရော ရှိတယ်” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်နေ့မှာတော့ မိသားစုထဲက မိခင်ဖြစ်သူ ထိုင်းနိုင်ငံဆီ လိုက်ပါလာနိုင်တဲ့အတွက် သေဆုံးသူရဲ့ မိခင်နဲ့အတူ မြို့နယ်ပကန်စန်ခွန်ရုံးမှာ သေဆုံးသူရဲ့ နစ်နာကြေးရရှိဖို့အတွက် လိုက်ပါကူညီဆောင်ရွက်ပေးခဲ့ရာ WAGနဲ့ ပကန်ရုံးမှတာဝန်ရှိသူတွေပူးပေါင်းဆောင်ရွက်မှုနဲ့ ဒီနေ့ နိုဝင်ဘာ ၇ ရက်နေ့မှာ သေဆုံးသူရဲ့ နစ်နာကြေး ထိုင်းဘတ်ငွေ ခုနစ်သိန်းဘတ် ရရှိခဲ့တယ်လို့ သိရပါတယ်။
“အမေက လျော်ကြေးတစ်ပုံ ဘတ် ၃၅၀၀၀၀ ရမယ်။ ကိုအောင်မျိုးရဲ့ သမီးဖြစ်သူက တစ်ပုံရမယ်။ အဲ့ဒါမှာ သမီးဖြစ်သူက အသက် ၁၈ နှစ်မပြည့်သေးတော့ ကျန်တစ်ပုံ ဘတ် သုံးသိန်းခွဲကို ဆယ်နှစ်တာပေါ့။ ထုတ်ယူရမယ်။ နှစ်စဉ် ကျောင်းစရိတ် အထွေထွေစရိတ်ကို သူ ၁၈ နှစ်မပြည့်မချင်း ဘယ်လောက်ဆိုပြီး ထိုင်းအစိုးရက ခွဲဝေထုတ်ပေးမှာ။ ကျွန်တော်တို့ဘက်ကတော့ ထပ်ပြီး တင်ပြရမှာပေါ့။ ထိုင်းနိုင်ငံမှာနေသူတွေ မဟုတ်လို့ သွားရလာတဲ့ အခက်အခဲတွေကို တင်ပြပြီးရင်တော့ တစ်မျိုးပြောင်းလဲမှာပါ” လို့ WAG အဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ အခုလို အလုပ်သမားမဟာမိတ်အဖွဲ့တွေ ဝင်ရောက်ပါဝင်ရတဲ့ အမှုဖြစ်စဉ်တွေက ထိုင်းလုပ်ငန်းရှင်ဘက်က မတရားတစ်ဖက်သတ်ပြုလုပ်တာ၊ မြန်မာလုပ်သားဘက်က အထောက်အထား အခက်အခဲဖြစ်တာ။ တချို့မှာတိုင်းရင်းသားတွေဖြစ်ပြီး စာပေမတတ်ကျွမ်းလို့ ရပိုင်ခွင့်၊ ရသင့်ရထိုက်တာ ဆုံးရှုံးတဲ့ အခြေအနေမျိုးတွေမှသာ ဝင်ရောက်ကူညီတာလို့လည်း သိရပါတယ်။
WAG အဖွဲ့ တာဝန်ရှိသူက “ကျွန်တော် ဖြည့်စွက်အသိပေးချင်တာလေးရှိပါတယ်။ လုပ်ငန်းခွင်မှာ ကိုယ့်ဘက်က ထိခိုက်နစ်နာမှု ကြုံလာရရင်၊ ဘာသာစကား မကျွမ်းကျင်ရင်၊ ဘယ်စာချုပ်မှ အလွယ်လက်မှတ်မထိုးဖို့ပါ။ ကျွန်တော်တို့ တွေ့ကြုံရတာတစ်ခုက လက်ချောင်းတွေ ဆုံးရှုံးထားရတဲ့ တိုင်းရင်းသားတစ်ဦးကို သူ့အလုပ်ရှင် သူဌေးနဲ့ မန်နေဂျာက ထိုင်း၊ တရုတ်၊ မြန်မာ သုံးဘာသာနဲ့ ရေးထားတဲ့ စာချုပ်ကို လက်မှတ်ထိုးခိုင်းတယ်။ တိုင်းရင်းသားက မြန်မာဘာသာ လုံးစေ့ပတ်စေ့ နားမလည်ဘူး။ မဖတ်တတ်ဘူး။ မန်နေဂျာက နစ်နာလို့ မုန့်ဖိုးပေးတာလို့ ပြောတဲ့ပိုက်ဆံကို လက်မှတ်ထိုးယူလာမိလို့ မဖြစ်စလောက် ငွေကြေး လက်မှတ်ထိုးယူထားတော့ အခု နစ်နာကြေးရယူဖို့မှာ အခက်အခဲဖြစ်နေတယ်” လို့ MT News ကို ပြောပါတယ်။
