◾️ တိုင်ဖွန်းမုန်တိုင်း ခန့်မေဂီကြောင့် ဖိလစ်ပိုင်တွင် အနည်းဆုံး လူ ၁၈၈ ဦးသေဆုံး၍ ၁၃၅ ဦး ပျောက်ဆုံးကာ ၉၆ ဦး ဒဏ်ရာရ
◾️ ဖိလစ်ပိုင်နိုင်ငံ၊ မင်ဒါနာအိုကျွန်းအား စူပါတိုင်ဖွန်းတစ်ခု ထပ်မံဖြတ်ကျော်ဖွယ်ရှိ
၇.၁၁.၂၀၂၅
Translated by Htwe Ko Tun
အားကောင်းသော တိုင်ဖွန်းမုန်တိုင်း ခန့်မေဂီ (Kalmaegi) က ဗီယက်နမ်နိုင်ငံအား လေတိုက်နှုန်း တစ်နာရီလျင် ၁၁၅ မိုင်နှုန်းဖြင် နိုဝင်ဘာလ ၆ ရက် ညနေပိုင်းက ကုန်းတွင်းဝင်ရောက်ခဲ့ပြီးနောက် နိုဝင်ဘာလ ၇ ရက်နံနက်တွင် လေတိုက်နှုန်း တစ်နာရီ မိုင် ၅၀ နှုန်းရှိ မုန်တိုင်းအကြွင်းအကျန်များအဖြစ် လာအိုနိုင်ငံအတွင်းသို့ ဆက်လက်ဝင်ရောက်နေကြောင်း သိရသည်။
၂၀၂၅ ခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံအတွင်းသို အရှေ့ဘက်မှ ဝင်ရောက်သော မုန်တိုင်းများအနက် ဆယ့်သုံးခုမြောက်လည်းဖြစ်သော အားကောင်းသည့် တိုင်ဖွန်းမုန်တိုင်း ခန့်မေဂီက ဗီယက်နမ်နိုင်ငံအတွင်း ဖြတ်ကျော်ဝင်ရောက်ပြီးနောက် နိုဝင်ဘာလ ၇ ရက်နံနက်တွင် မုန်တိုင်းအကြွင်းအကျန်များအဖြစ် လာအိုနိုင်ငံအတွင်း ရောက်ရှိသွားပြီဟုလည်း သိရသည်။ တိုင်ဖွန်းမုန်တိုင်းကြောင့် ဗီယက်နမ်နိုင်ငံအတွင်း အပျက်အစီး အသေအပျောက်များကိုမူ လောလောဆယ်မသိရှိရသေးပေ။
တိုင်ဖွန်းမုန်တိုင်းက ဖိလစ်ပိုင်နိုင်ငံအတွင်းကိုလည်း နိုဝင်ဘာလ ၄ ရက်က ဝင်ရောက်တိုက်ခတ်ခဲ့ရာတွင် မုန်တိုင်းကြောင့် အနည်းဆုံး လူ ၁၈၈ ဦးသေဆုံး၍ ၁၃၅ ဦး ပျောက်ဆုံးကာ ၉၆ ဦးဒဏ်ရာရခဲ့ကြောင်း မြို့ပြကာကွယ်ရေးရုံးက နိုဝင်ဘာလ ၇ ရက်နံနက်တွင် ကြေညာခဲ့သည်။
ထို့ပြင် တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ဖိလစ်ပိုင်ပြည်သူ ၅၀၀,၀၀၀ ကျော်ကိုလည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားရသည်။ သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက နိုဝင်ဘာလ ၆ ရက်တွင် အမျိုးသားကပ်ဘေးဒုက္ခ အခြေအနေအဖြစ်ကြေညာခဲ့ရာ အစိုးရအနေဖြင့် မုန်တိုင်းကြောင့် ဒုက္ခရောက်ရသူများ၊ အပျက်အစီးများအတွက် ငွေကြေးထောက်ပံ့မှုများနှင့် အခြေခံလိုအပ်မှုများအတွက် အမြင့်ဆုံး တန်ဖိုးသတ်မှတ်ချက်များ ပြုလုပ်သွားမည်ဖြစ်သည်။
ထို့ပြင် ဖိလစ်ပိုင်နိုင်ငံ အရှေ့မြောက်ပိုင်း မင်ဒါနာအိုကျွန်းစု၏ အရှေ့ဘက် ကီလိုမီတာ ၁,၅၀၀ ခန့် အကွာ ဖိလစ်ပိုင်ပင်လယ်ပြင်ထဲတွင် ယခုအခါ လေတိုက်နှုန်း တစ်နာရီ မိုင် ၆၀ နှုန်းရှိ အားကောင်းသော အပူပိုင်းမုန်တိုင်း Fung-wong ဖြစ်ပေါ်တည်ရှိနေပြီး အနောက်မြောက်ဘက်သို့ ရွေ့လျားလျက်ရှိကြောင်း သိရသည်။
အပူပိုင်းမုန်တိုင်း Fung-wong က နောက် ၂၄ နာရီအတွင်း တိုင်ဖွန်းမုန်တိုင်းအဆင့်တစ်ခုသို့ရောက်ရှိကာ နိုဝင်ဘာလ ၈ ရက် စနေနေ့ ညနေပိုင်း (သို့မဟုတ်) နိုဝင်ဘာလ ၉ ရက် တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် စူပါတိုင်ဖွန်းအဆင့်သို့ရောက်ရှိပြီး နိုဝင်ဘာလ ၉ ရက် ညပိုင်းတွင် မင်ဒါနာအိုကျွန်းကိုဖြတ်ကျော်၍ ကုန်းတွင်းဝင်ရောက်မည်ဟု ခန့်မှန်းထားကြသည်။
Ref : inquirer.net



