၅.၁၁.၂၀၂၅
Translated by Htwe Ko Tun
ဖိလစ်ပိုင်နိုင်ငံအတွင်း တိုင်ဖွန်း ကာလ်မေဂီ (Typhoon Kalmaegi(ဒေသအခေါ် Typhoon Tino) က နိုဝင်ဘာလ ၄ ရက်မှာ ကုန်းတွင်းဝင်ရောက်တိုက်ခတ်ခဲ့လို့ နိုင်ငံအလယ်ပိုင်းတစ်ဝိုက်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး အနည်းဆုံး လူ ၄၀ ကျော်သေဆုံးပြီး ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး သောင်တင်နေကြရတယ်လို့ သိရပါတယ်။
AFP ဗီဒီယိုတွေမှာ စီဘူးကျွန်းရှိ မြို့တွေမှာ ရေလွှမ်းမိုးခံခဲ့ရပြီး ကားတွေ၊ ထရပ်ကားတွေနဲ ကြီးမားလှတဲ့ သင်္ဘောကုန်သေတ္တာတွေတောင် ရွှံ့နွံရေတွေမှာ မျောပါသွားတာ တွေ့ကြရပါတယ်။ တိုင်ဖွန်းကာလ်မေဂီက ကုန်းတွင်းဝင်ရောက်ပြီးနောက် စီဘူးပြည်နယ်ကို တစ်နာရီးလေတိုက်နှုန်း မိုင် ၉၀ ခန်ု့နဲ့ ဖြတ်သန်းသွားခဲ့တာပါ။
စီဘူးပြည်နယ်တစ်ခုတည်းမှာပဲ လူ ၃၉ ဦး သေဆုံးတယ်လို့ ပြည်နယ်သတင်းအချက်အလက်အရာရှိ အိန်ဂျယ်လစ်ဇ် အိုရွန်က AFP ကို အတည်ပြုပြောကြားခဲ့ပါတယ်။ ဒီအရေအတွက်က ပြည်နယ် မြို့တော် စီဘူးမြို့မှာ သေဆုံးသူအရေအတွက်နဲ့ သီးခြားစီ ရေတွက်ထားမှုတွေ မပါသေးတဲ့အတွက် သေဆုံးသူဦးရေ တိုးလာနိုင်သေးတယ်လို့ အိုရွန်က ပြောကြားခဲ့ပါတယ်။
အခြားပြည်နယ်တွေမှာတော့ အနည်းဆုံး သေဆုံးသူ ငါးဦးရှိတယ်လို့ သတင်းရထားပြီး လေတီပြည်နယ်မှာ အိမ်အပေါ်ထပ်မှာ ရေနစ်သေဆုံးတဲ့ သက်ကြီးရွယ်အိုတစ်ဦးနဲ့ ဘိုဟိုးလ်ပြည်နယ်မှာ သစ်ပင်လဲကျပိပြီးသေဆုံးရတဲ့ အမျိုးသားတစ်ဦး ပါဝင်ပါတယ်။
တိုင်ဖွန်းမုန်တိုင်း ကုန်းတွင်းမဝင်ရောက်မီ ၂၄ နာရီအတွင်းမှာပဲ စီဘူးမြို့တစ်ဝိုက်မှာ မိုးရေချိန် ၁၈၃ မီလီမီတာ (ခုနစ်လက်မ)ရှိတဲ့အထိ မိုးရွာသွန်းခဲ့ပြီး လစဉ်ပျမ်းမျှ မိုးရေချိန် ၁၃၁ မီလီမီတာထက် များစွာကျော်လွန်နေတယ်လို့ ရာသီဥတုပညာရှင် ချမာဂနက် ဗာရီလာက ပြောကြားခဲ့ပါတယ်။
စီဘူးမြို့ အခြေအနေကတော့ တစ်ခါမှ မကြုံဖူးအောင်ပါဘဲလို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ပါမီလာ ဗျူရီ ကွာထရိုကသတင်းထောက်တွေကို နိုဝင်ဘာလ ၄ ရက်မှာ ပြောခဲ့ပါတယ်။
စုစုပေါင်း လူ ၄၀၀,၀၀၀ နီးပါးကို တိုင်ဖွန်းမုန်တိုင်းလမ်းကြောင်းမှ ကြိုတင်ရွှေ့ပြောင်းခဲ့ရတယ်လို့ အရပ်ဘက်ကာကွယ်ရေး ဒုတိယအုပ်ချုပ်ရေးမှူး ရာဖေလီတို အလက်ဂျန်ဒရိုက နိုဝင်ဘာလ ၄ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
နိုဝင်ဘာလ ၄ ရက်မွန်းလွဲပိုင်းမှာပဲ တိုင်ဖွန်းမုန်တိုင်းကယ်ဆယ်ရေးလုပ်ငန်းတွေ ကူညီဆောင်ရွက်ဖို့ စေလွှတ်ခဲ့တဲ့ ရဟတ်ယာဉ်လေးစင်းထဲက တစ်စင်းဟာ မင်ဒါနာအိုကျွန်း မြောက်ပိုင်းမှာ ပျက်ကျခဲ့တယ်လို့ ဖိလစ်ပိုင်စစ်တပ်က အတည်ပြုခဲ့ပါတယ်။
Super Huey ရဟတ်ယာဉ်ဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ပံ့ပိုးဖို့ ကမ်းရိုးတန်းမြို့ ဘူတွန်ကိုဦးတည်ပျံသန်းနေတုံးမှာ ပျက်ကျသွားခဲ့တယ်လို့ အရှေ့ပိုင်းမင်ဒါနာအိုစစ်ဌာနချုပ်က ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို ထပ်လောင်း ပြောကြားခဲ့ပါတယ်။
နောက်ဆုံးသတင်းတွေအရ နာရီအတန်အကြာမှာ လူခြောက်ဦးရဲ့ ရုပ်ကြွင်းတွေကို တပ်ဖွဲ့ဝင်တွေက ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ နှစ်စဉ် ပျမ်းမျှအားဖြင့် မုန်တိုင်းနဲ့ တိုင်ဖွန်း ၂၀ ခန့် တိုက်ခတ်ခံရပြီး ၂၀၂၅ ခုနှစ် စက်တင်ဘာလမှာလည်း အဓိကမုန်တိုင်းနှစ်ခု တိုက်ခတ်ခံခဲ့ရပါသေးတယ်။
Ref-inquirer.net



