၅.၁၁.၂၀၂၅
Written By Thandar
၂၂ ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ကထိန်လျာသင်္ကန်းနဲ့ ကထိန်အခြံအရံသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အလှူတော်အခမ်းအနားကို နိုဝင်ဘာ ၄ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့၊ အရှေ့ဒဂုံမြိုနယ်၊ (၄)ရပ်ကွက်၊ ဩဇာလမ်းရှိ မြတ်ခမ်းကောင် ပရဟိတတိုက်ကျောင်းမှာ ကျင်းပခဲ့ရာ အနုပညာရှင်တချို့ တက်ရောက်ခဲ့ကြပါတယ်။
“ညီမကတော့ ၂၂ ကြိမ်မြောက် စုပေါင်းဘုံကထိန်ပွဲမို့ ဆရာတော်ရဲ့ ဖိတ်ကြားမှုကြောင့် သူငယ်ချင်းတွေစုပြီး တက်ရောက်လှူဖြစ်ခဲ့တာပါ။ ကထိန်အလှူဆိုတော့ ဝမ်းသာပီတိလည်းဖြစ်ရပါတယ်။ မြတ်ခမ်းကောင်ကျောင်းတိုက်မှာ လိုအပ်ချက်လေးတွေရှိနေတာမို့ ကိုယ်အလှူလေးနဲ့တစ်ဆင့်သိရှိပြီး အလှူရှင်တွေ ပိုများစေချင်တာလည်းပါပါတယ်”လို့ သရုပ်ဆောင် ခေဒြာမြင့်မိုရ်က MT Entertainment ကို ပြောပါတယ်။
အဆိုပါ ကျောင်းတိုက်ရှိ သာသနဓဇဓမ္မာစရိယ ဆရာတော် ဘဒ္ဒန္တကောလိန္ဒာလင်္ကာရကို ကထိန်သင်္ကန်းတွေ ဆက်ကပ်ခဲ့ပြီး ရေစက်သွန်းချတရားတော်နာယူခဲ့ကြပါတယ်။ ဒီအလှူအခမ်းအနားကိုတော့ အဆိုတော် နိုင်းကေ၊ လင်းရန်လင်း၊ သရုပ်ဆောင်တွေဖြစ်တဲ့ ခေဒြာမြင့်မိုရ်၊ ပန်းဝတ်မှုန်၊ ပိုးကိစတဲ့သူတွေ လာရောက်ကာ ဆရာတော်ထံ ဆွမ်းကပ်လှူဒါန်းခဲ့ပါတယ်။
“ကျွန်တော်တို့က သီချင်းတွေ အတူသီဆိုဖြစ်ရင်းနဲ့ အဆိုတော် နိုင်းကေကတော့ ကျောင်းရဲ့ဒကာလည်း ဖြစ်တော့ ဆရာတော်ဘုရားနဲ့ မိတ်ဆက်ပေးရင်းနဲ့ ဒီနေ့ ရှမ်းဘုန်းကြီးလို့လည်းပြောလို့ရတဲ့ ဒီကျောင်းလေးမှာ ကထိန်အလှူလေးမှာ ပါဝင်လှူဒါန်းဖြစ်တာပါ။ တိုင်းရင်းသားကျောင်းလေးလည်းဖြစ်သလို ဆရာတော်ဘုရားက အသက်အရွယ်ငယ်ပေမယ့် ဆရာတော်ကအရမ်းလည်း တော်တာမို့ သာသနာပြုအလှူလေးအနေနဲ့ ပါဝင်လှူဒါန်း ဖြစ်ခဲ့ကြတာပါ။ ကျောင်းမှာလည်း အလှူအတွက်လိုအပ်နေတဲ့ကျောင်းလည်းဖြစ်လို့ လှူဒါန်းရတာပါ ”လို့ အဆိုတော် လင်းရန်လင်းက ပြောပါတယ်။
မြတ်ခမ်းကောင် ပရဟိတတိုက်ကျောင်းရှိ သံဃာတော်အရှင်သူမြတ်တွေ အပါး ၃၀ ကျော်ကို နေ့ဆွမ်းအနေနဲ့ ဝက်သား၊ ကြက်သား၊ ငါးပေါင်း၊ မြင်းခွာရွက်သုပ်၊ ချဉ်ပေါင်ဟင်းချို၊ ငါးငပိချက်၊ တိုစရာတွေနဲ့ အချိုပွဲတွေနဲ့ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ပအိုဝ်းတိုင်းရင်းသားတွေက ရှမ်းအိုးစည်းတွေနဲ့ တီးခတ်ဖျော်ဖြေခဲ့ကြပါတယ်။
#LynnYanlinn #9K #PannWuttMhone #KdraMyintMo #PoeKi #MyanmarSinger #MyanmarActress #၂၂ကြိမ်မြောက် #စုပေါင်းမဟာဘုံကထိန် #ကထိန်လျာသင်္ကန်း









