၅ .၁၁.၂၀၂၅
Written by Hey Mar
ပံ့သကူပစ်ပြီး လမ်းဘေးမှာ ရပ်ကြည့်နေတဲ့ မိန်းကလေးငယ်တစ်ဦး ယာဉ်မတော်တဆတိုက်မိရာက ပြင်းထန် ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ် မနေ့က နိုဝင်ဘာ ၄ ရက်နေ့ တန်ဆောင်မုန်းလပြည့်ည ၈ နာရီအချိန်ခန့်က နေပြည်တော်၊ ပျဥ်းမနားမြို့မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီဆောင်ရွက်ပေးခဲ့တဲ့ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က ပျဉ်းမနားမြို့၊ ပန်းခင်းမီးပွိုင့်အနီးမှာဖြစ်ပွားခဲ့ပြီး ပံ့သကူ ကောက်ယူသူတွေနဲ့ သူတို့ပစ်ထားတဲ့ ပံ့သကူကို တွေ့ရှိကောက်ယူမိသလားဆိုတာကို လမ်းဘေးမှာ အပျော်ရပ်ကြည့်နေရင်း ယာဉ်တစ်စီးကိုတိမ်းရှောင်တဲ့ အိမ်စီးမော်တော်ယာဉ်တစ်စီးကပဲ ပွတ်ဆွဲတိုက်မိတာလို့ သိရပါတယ်။
ယာဉ်တိုက်မိတဲ့ဖြစ်စဉ်ကြောင့် အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်မှာ ခြေထောက်၊ လက်နဲ့ ဘယ်ဘက်မျက်လုံး ထိခိုက်ဒဏ်ရာတွေ ပြင်းထန်စွာရရှိထားကြောင်းသတင်းအရ မိုးစေတနာ ပရဟိတအသင်း ပျဥ်းမနားရုံးက လူနာတင်ယာဥ်နဲ့ ပျဥ်းမနားမြို့ ကုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးမှ နေပြည်တော် ကုတင် ၁၀၀၀ဆံ့ ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနဆီ ဆေးကုသမှုခံယူနိုင်ဖို့ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
မနေ့က တစ်နေ့တည်း နေပြည်တော်၊ ပျဥ်းမနားမြို့၊ လက်ပန်ခါးလှကျေးရွာကလမ်းပေါ်မှာ ကားပေါ်ကနေ ပိုက်ဆံကြဲသွားလို့ လိုက်ကောက်ရာက ဆိုင်ကယ်တစ်စီးက ဝင်တိုက်မိလို့ ကိုရင်တစ်ပါးနဲ့အမျိုးသားတစ်ဦး ဒဏ်ရာအများအပြားရရှိကာ ပျဥ်းမနားမြို့ ကုတင် ၂၀၀ ပြည်သူ့ဆေးရုံဆီ ပို့ဆောင်ရတဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။
ရန်ကုန်မြို့မှာလည်း ပံ့သကူ ပစ်သူ ကောက်ယူသူတွေနဲ့ စည်ကားခဲ့ပြီး ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်မှာ ပံ့သကူလုကောက်ရင်း ခိုက်ရန်ဖြစ်ကြလို့ လူစုခွဲကာ ဆေးအကူအညီပေးခဲ့ရကြောင်း လှိုင်သာယာအခြေစိုက် ခွန်အားသစ်လူမှုကူညီရေး အသင်းက မျှဝေထားပါတယ်။
ပံ့သကူပစ်တဲ့ဓလေ့ကို ရှေ့မီနောက်မီ လူကြီးတွေက မိမိပစ်တာကိုတစ်ပါးသူသိရှိအောင်မပြုရသလို ပစ်တဲ့နေရာကိုလည်း မပြောပြရဘဲ ကောက်ယူသူကိုလည်း ဘယ်သူ ဘယ်ဝါဆိုတာသိရှိအောင်စောင့်ကြည့်တာမျိုး မပြုလုပ်ရဘူးလို့ ဆိုပါတယ်။ ဒီ့နောက်ပိုင်းမှာတော့ ပံ့သကူပစ်တယ်ဆိုကာ ကားပေါ်ကနေ ပိုက်ဆံကြဲတာ၊ တိုက်ပေါ်ကနေ ကြဲချတာ စသဖြင့်ပြုလုပ်ကြလို့ အန္တရာယ်ဖြစ်တဲ့ ဖြစ်စဉ်တွေလည်း အများအပြားရှိခဲ့ပါတယ်။
မနှစ်က ၂၀၂၄ ခုနှစ် တန်ဆောင်မုန်းညမှာ ပံ့သကူကောက်ရင်း ယာဉ်တိုက်မိသေဆုံးသူ ရန်ကုန်မြို့က ဆင်ခြေဖုံးမြို့နယ်တချို့မှာ ကိုးဦးအထိရှိခဲ့ပြီး ပြင်းထန်ဒဏ်ရာရသူ ၃ ဦးရှိခဲ့တာကို MT News က မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။



