၁.၁၁.၂၀၂၅
Written By Thandar
ပရိသတ်ချစ်ခင်မှုကို အခိုင်အမာရရှိထားတဲ့ ရုပ်ရှင်သရုပ်ဆောင်တွေဖြစ်တဲ့ ဟိန်းဝေယံနဲ့ စိုးပြည့်သဇင်တို့ရဲ့ ချစ်သူသက်တမ်း ၆ နှစ် ၆ လပြည့် အထိမ်းအမှတ်အနေနဲ့ မင်္ဂလာမော်ကွန်းတင်လက်မှတ်ထိုးပွဲကို ယနေ့ နိုဝင်ဘာ ၁ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ အင်းယားလမ်းရှိ Le Planteur Restaurants & Lounge မှာ ကျင်းပရာ အနုပညာရှင်များ တက်ရောက်ခဲ့ကြပါတယ်။
“6 years 6 months Anniversary 1.11.2025.. မင်္ဂလာမော်ကွန်း တင်လက်မှတ်ရေးထိုးပွဲ…ဘဝတစ်ခုကို အတူတူတည်ဆောက်ကြစို့နော်”လို့ အကယ်ဒမီ စိုးပြည့်သဇင်က ပရိသတ်သိအောင် ရင်ဖွင့်လာပါတယ်။
အဆိုပါ မော်ကွန်းတင်လက်မှတ်ရေးထိုးပွဲကိုတော့ အနုပညာအသိုင်းအဝိုင်းတွေ ဒါရိုက်တာ ပြည့်ဖြိုးနိုင်၊ ဒါရိုက်တာ အာကာစိုးဦး၊ ပိုင်တံခွန်၊ စိုးမြတ်သူဇာ၊ စိုးမြတ်ကလျာ၊ စန္ဒီမြင့်လွင်၊ နန်းဆုရတီစိုး၊ ဝင့်ယမုံနိုင်၊ လီလီကျော်ခိုင် စတဲ့သူတွေ တက်ရောက်ခဲ့ကြပါတယ်။
ငယ်ဇင်တို့ စုံတွဲကတော့ နှစ်ဖက်သောမိဘတွေရှေ့မှာ လက်မှတ်ရေးထိုးခဲ့ပြီးတော့ မိုးတွေရွာနေတဲ့အတွက် ပုသိမ်ထီးလေးတွေနဲ့ မင်္ဂလာပွဲကို အောင်မြင်စွာကျင်းပနေလျက်ရှိတာလည်းဖြစ်ပါတယ်။
“ဒီးဒီတို့ကတော့ အနုပညာသမား နှစ်ယောက်ယူကြတာတော့မဟုတ်တော့လေ။ စိုးပြည့်တို့ကတော့ အားလုံးက စိတ်ဝင်စားကြတယ်။ ခုခေတ်ကတော့ မင်္ဂလာပွဲတွေကို သေချာလေးလုပ်ကြတယ်ပေါ့။ ကိုယ့်တွေခေတ်နဲ့က သိပ်မတူကြဘူးလေ။ သူတို့နှစ်ယောက်က လှလည်းလှတယ်။ လိုက်လည်း လိုက်ဖက်ပါတယ်။ ကိုယ်တိုင်လည်း စိုးပြည့်အတွက် တစ်ညလုံး တအားစိတ်လှုပ်ရှားနေတာ။ မိုးကလည်း ရွာနေတော့ ပွဲဖြစ်ပါ့မလား စိတ်ပူနေတာ။ စိုးပြည့်နဲ့ ကိုငယ် နောက်နှစ်ပေါင်းများစွာ သားသားမီးမီးလေးနဲ့ ပျော်ရွှင်စွာအသက်ထက်ဆုံး ပေါင်းသင်းနိုင်ပါစေ”လို့ အဆိုတော်သရုပ်ဆောင် စန္ဒီမြင့်လွင်က ပြောပါတယ်။
ဟိန်းဝေယံနဲ့ စိုးပြည့်သဇင်တို့ဟာ လာမယ့် နိုဝင်ဘာ ၁၄ ရက်မှာတော့ Novotel Hotel မှာ မင်္ဂလာပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာလည်းဖြစ်ပါတယ်။
#ဟိန်းဝေယံ #စိုးပြည့်သဇင် #ငယ်ဇင် #မော်ကွန်းတင်လတ်မှတ်ထိုးပွဲ #DeeDe #HeinWaiYan #SoePyaeThazin #NgeZin #CeleWedding












