၁.၁၁.၂၀၂၅
Translated by Htwe Ko Tun
တန်ဇန်းနီးယားနိုင်ငံမှာ ရွေးကောက်ပွဲမတိုင်ခင် အောက်တိုဘာလ ၂၉ ရက်က စတင်ခဲ့တဲ့ သုံးရက်ကြာ ဆန္ဒပြပွဲတွေအတွင်းမှာ စုစုပေါင်း လူ ၇၀၀ လောာက် သေဆုံးခဲ့ရတယ်လို့ အဓိက အတိုက်အခံပါတီဖြစ်တဲ့ Chadema ပါတီက အောက်တိုဘာလ ၃၁ ရက်မှာ ပြောကြားခဲ့ပါတယ်။
သမ္မတရွေးကောက်ပွဲမှာ အဓိက ကိုယ်စားလှယ်လောင်းတွေကို ချန်လှပ်ထားခဲ့တာက အတိုက်အခံတွေကို ဖိနှိပ်တာပဲလို့ ဆန္ဒပြသူတွေက ပြောကြားခဲ့ကြပြီး အောက်တိုဘာလ ၂၉ ရက် ရွေးကောက်ပွဲနေ့မှာ ဆန္ဒပြမှုတွေ စတင်ပေါ်ပေါက်ခဲ့ပါတယ်။


Chadema အတိုက်အခံပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကီတိုကာက ထိုအချိန်မှစပြီးတော့ လူရာပေါင်းများစွာ သေဆုံးခဲ့ရတယ်လို့ AFP သတင်းဌာနကို ပြောခဲ့ပါတယ်။
သူက “ကျွန်တော်တို့ ပြောနေတဲ့အထိ ဒါအက်စ်ဆယ်လမ်းမြို့မှာ သေဆုံးသူ ၃၅၀ ဝန်းကျင်နဲ့ မွန်ဇာမြို့မှာ ၂၀၀ ကျော် ရှိပါတယ်။ နိုင်ငံတစ်ဝန်းက တခြားနေရာတွေက ကိန်းဂဏန်းတွေကိုပါ ထည့်တွက်ရင် စုစုပေါင်းသေဆုံးသူ ၇၀၀ ဝန်းကျင်ရှိပါတယ်” လို့ ပြောခဲ့ပါတယ်။
သူက အောက်တိုဘာလ ၂၉ ရက်မှာ စတင်ထုတ်ပြန်ခဲ့တဲ့ ညမထွက်ရအမိန့်အတွင်းမှာ သတ်ဖြတ်မှုတွေ ဖြစ်ပွားနိုင်လို့ သေဆုံးသူဦးရေကလည်း ပိုမိုမြင့်မားနိုင်တယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
လုံခြုံရေးသတင်းရင်းမြစ်တစ်ခုက AFP သတင်းဌာန ကို ပြောကြားရာမှာလည်း သေဆုံးသူ ၅၀၀ ကျော် ရှိနိုင်ပြီး တစ်နိုင်ငံလုံးအနေနဲ့တော့ ၇၀၀ ကနေ ၈၀၀ လောက်ထိရှိနိုင်ပါတယ်လို့ ဆိုခဲ့ပါတယ်။
ကီတိုကာက Chadema ပါတီဝင်တွေရဲ့ ကွန်ရက်တစ်ခုက သေဆုံးသူအရေအတွက်ကို ဆေးရုံတွေနဲ့ ကျန်းမာရေးဆေးခန်းတွေကို သွားရောက်ပြီး သေဆုံးနေသူတွေကနေ ရေတွက် စုဆောင်းခဲ့တာလို့ပြောခဲ့ပါတယ်။ သူက အစိုးရကို ဆန္ဒပြသူတွေကို သတ်ဖြတ်နေတာ ရပ်တန့်ပေးဖို့နဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲအတွက် လမ်းခင်းပေးဖို့ အသွင်ကူးပြောင်းရေး အစိုးရတစ်ရပ်ကို တောင်းဆိုခဲ့ပါတယ်။ ကီတိုကာက ရဲတပ်ဖွဲ့ရဲ့ ရက်စက်ကြမ်းကြုတ်မှုကို ရပ်တန့်ပါ။ ရွေးကောက်ပွဲ တရားမျှတဖို့ ပြည်သူ့ဆန္ဒကို လေးစားပါလို့ ပြောခဲ့ပါတယ်။

ရွေးကောက်ပွဲမတိုင်ခင်မှာပဲ အစိုးရက ဝေဖန်သူတွေကို ဖမ်းဆီးခဲ့ပါတယ်။ အောက်တိုဘာလ ၂၉ ရက်ကစပြီးတော့ ဆန္ဒပြသူတွေကလည်း ရဲတပ်ဖွဲ့ဝင်တွေကိုတိုက်ခိုက်ခဲ့ကြပြီး အာဏာရပါတီနဲ့ ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ ပိုင်ဆိုင်မှု ပစ္စည်းတွေကို ဖျက်ဆီးခဲ့ကြပါတယ်။
ဆန္ဒပြပွဲတွေကို အဓိကအနေနဲ့ ဆိပ်ကမ်းမြို့ဖြစ်တဲ့ ဒါအက်စ်ဆယ်လမ်းမြို့မှာ ပြုလုပ်ဖို့ အလေးထားပေမယ့် နိုင်ငံတစ်ဝန်းလုံးကိုပဲ ပျံ့နှံ့သွားခဲ့ပါတယ်။
အစိုးရကလည်း အောက်တိုဘာလ ၂၉ ရက်မှာပဲ ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့တာပါ။ အောက်တိုဘာလ ၃၀ ရက်မှာတော့ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဂျက်ကော့ဘ် ဂျွန်အမ်ခွန်ဒါက အကြမ်းဖက်မှုကို ရှုတ်ချခဲ့ပြီး ဆန္ဒပြသူတွေကို ရာဇဝတ်သားတွေလို့ ခေါ်ဆိုခဲ့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေက အခြေအနေကို ထိန်းချုပ်ဖို့ ကြိုးစားမယ်ဆိုတာလည်း သူက ပြောခဲ့ပါတယ်။
အောက်တိုဘာလ ၃၁ ရက်မှာတော ဆန္ဒပြသမားတွေဟာ ထူထပ်စွာတပ်ချတားဆီးထားတဲ့ ရဲနဲ့ စစ်တပ်တို့ကို ရင်ဆိုင်ခဲ့ရတာပါပဲ။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး (OHCHR) က ဆန္ဒပြပွဲတွေမှာ သေဆုံးမှုနဲ့ ဒဏ်ရာရရှိမှု တွေအပေါ် စိုးရိမ်ပူပန်မိတယ်လို့ ပြောကြားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့တွေက အနည်းဆုံး လူ ၁၀ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ သတင်းတွေ ရရှိထားတယ်လို့လည်း ဆိုခဲ့ပါတယ်။
Ref- AFP
