၁. ၁၁. ၂၀၂၅
Written by Nay Yaung Lin
ရန်ကုန်-နေပြည်တော်လမ်းပိုင်းတွင် DEMU ရထားတွဲဆိုင်းသစ်ကို ခဲဖြင့်ပစ်ပေါက်သူအမျိုးသားတစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း မြန်မာ့မီးရထား၏ ထုတ်ပြန်မှုအရ သိရသည်။
ယင်းသို့ ခဲဖြင့်ပစ်ပေါက်မှုကြောင့် ရထားမှန်ကွဲပေါက်သည့် ပျက်စီးမှုဖြစ်ပွားခဲ့သော်လည်း လူထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။
မြန်မာ့မီးရထားက အသစ်ပြေးဆွဲလျက်ရှိသည့် အဲယားကွန်းပါ ခေတ်မီ DEMU ရထားတွဲဆိုင်းသစ်အနေဖြင့် ရန်ကုန်-နေပြည်တော်ခရီးစဉ်အတွက် အမှတ်(၇)အဆန်၊ အမှတ်(၈)အစုန်အမြန်ရထားနှင့်အမှတ်(၃၁)အဆန်၊ အမှတ်(၃၂)အစုန် အမြန်ရထားများပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ထိုသို့ပြေးဆွဲလျက်ရှိသည့် အမှတ် ၇ အဆန်ရထားကို အောက်တိုဘာ ၂၈ ရက်၊ မွန်းလွဲ ၂ နာရီ၊ ၅၉ မိနစ်တွင် ဖြူးနှင့်ဇေယျဝတီဘူတာအကြား ကားလမ်းကူးနေရာအရောက် ရထားသံလမ်းအနောက်ဘက်မှ ခဲဖြင့်ပစ်ပေါက်ခဲ့သဖြင့် ပထမတန်းတွဲအမှတ်- ၂ DEMU F-1010 တွဲ၏ ခုံအမှတ် ၃၊ ၄၊ ၅၊ ၆ နေရာရှိ ပြတင်းပေါက်မှန် နှစ်လက်မခွဲခန့် ပေါက်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်ပွားရာနေရာသို့ ဖြူးမြို့နယ်ရထားရဲတပ်ဖွဲ့၊ ဖြူးမြို့နယ်ရဲစခန်းနှင့် ဖြူးမြို့မ အရှေ့ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများနှင့်အတူ သွားရောက်စစ်ဆေးရာ ရထားလမ်း၏အနောက်ဘက်ချုံပုတ်အနီးတွင် ကျူးလွန်သူ ထက်ဦးလွင်(ခ)ငထော်နီ ( ၁၈ နှစ်)ကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းမှာ ဖြူးမြို့နယ်၊ အုတ်ဖြတ်ရပ်ကွက်တွင်နေထိုင်သူဖြစ်ကြောင်း သိရသည်။
အဆိုပါကျူးလွန်သူကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်တွင် ထုတ်ပြန်ပြီးဖြစ်သည့် ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေ၊ အခန်း ၁၈၊ ပုဒ်မ ၇၉ (ခ)အရ ရထားကိုတစ်စုံတစ်ရာဖြင့် ပြစ်ပေါက်ခြင်း (သို့မဟုတ်) တစ်စုံတစ်ရာ ပြုလုပ်ခြင်းအတွက် ပြစ်ဒဏ်အနေဖြင့် ပုဒ်မ (၈၄)အရ ထိုသူကို အနည်းဆုံး ၅ နှစ်မှ နှစ် ၂၀ အထိ မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်ကိုလည်းချမှတ်နိုင်ကြောင်းသိရှိရပြီး ဥပဒေနှင့်အညီ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။
