၃၀.၁၀.၂၀၂၅
Written By Thandar
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ “၂၁ ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအတွက် အနုပညာရှင်တွေနဲ့ စေတနာရှင်တွေ ပါဝင်လှူဒါန်းနေလျက်ရှိပါတယ်။
“ကျွန်တော်တို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက စုပေါင်းမဟာဘုံကထိန် နိုင်သလောက်နဲ့ ကျင်းပလာတာဆိုရင်တော့ ၂၁ ကြိမ်မြောက်ကို ရောက်ရှိလာပါပြီ။ ကိုယ့်လောကသားတွေအပြင် ပြင်ပအလှူရှင်တွေလည်း ပါဝင်လှူဒါန်းကြတာတွေရှိလို့ ပီတိလည်း ဖြစ်ရပါတယ်။ နှစ်စဉ်လှူဒါန်းနေကြဖြစ်တဲ့ နဂလှိုဏ်ဂူကျောင်းတိုက်မှာ လှူဒါန်းမှာပါ။ ဒီနှစ်ပဒေသာပင်တွေကတော့ အဓိက ငွေကြေးလှူဒါန်းဖြစ်ပါတယ်။ ကားအခက်အခဲနည်းနည်းရှိတာမို့ ပဒေသာပင်တွေကို လှည့်လည်ခြင်းမလုပ်ဘဲ နာဂလှိုဏ်ဂူကို ပို့ဆောင်သွားမှာပါ။ နာဂလှိုဏ်ဂူရှိတဲ့ ဆရာတော်၊သံဃာတော်တွေ အပါး ၆၀၀ စာကို နေ့ဆွမ်းဆက်ကပ်ပြီးတော့ ဖိတ်ကြားထားတဲ့ အနုပညာရှင်တွေနဲ့ ဧည့်သည်တော်အယောက် ၂၀၀ ကျော်စာကိုလည်း ဧည့်ခံသွားမှာပါ”လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက MT Entertainment ကို ပြောပါတယ်။
အဆိုပါ ပဒေသာပင်တစ်ပင်ကို ကျပ် ၅ သိန်း၊ ၈ သိန်း၊ ၉ သိန်းအစရှိတဲ့ ငွေကြေးတွေနဲ့ အလှပြင်ဆင်ပြီး လှူဖွယ်ပစ္စည်းတချို့ကိုလည်း အလှဆင်ပြီးတော့ ပဒေသာပင်ပေါင်း ၃၀ ကျော်ကို နိုဝင်ဘာ ၁ ရက်နေ့ နေ့လယ် ၂ နာရီမှာ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးစွယ်တော်လမ်းရှိ “ကလေးဝတောရစာသင်တိုက်”ကျောင်းကို ပို့ဆောင်မှာလည်း ဖြစ်ပါတယ်။
လက်ရှိမှာတော့ ၂၁ ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အတွက် သရုပ်ဆောင်နေထွဋ်က ကျပ် ၅ သိန်း၊ သရုပ်ဆောင်ဇေယျက ကျပ် ၅ သိန်း၊ အဆိုတော်ရှင်နန်းနဲ့ သရုပ်ဆောင်မိုကိုခန့်တို့က ကျပ် ၅ သိန်း၊ ကိုတင်အောင်ဆန်း(စက်မှု)က ကျပ်ဘ၃ သိန်း စသလို ပါဝင်လှူဒါန်းနေလျက်ရှိပါတယ်။
နိုဝင်ဘာ ၂ ရက် နံနက် ၉နာရီမှာတော့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဥက္ကဋ္ဌတွေ တာဝန်ရှိသူတွေ၊ အနုပညာရှင်တွေနဲ့အတူ အဆိုပါ ကမ္ဘာအေးစွယ်တော်လမ်းရှိ “နာဂလှိုဏ်ဂူ ကလေးဝတောရ စာသင်တိုက်” ကျောင်းမှာ ကထိန်သင်္ကန်းဆက်ကပ်ခြင်း၊ နေ့ဆွမ်းဆက်ကပ်ခြင်းနဲ့ တရားတော်နာယူကုသိုလ်ပြု ရေစက်သွန်းချကုသိုလ်ပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
#UAyeKyuLay #ဦးအေးကြူလေး #မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး #ပဒေသာပင်
#၂၁ကြိမ်မြောက်စုပေါင်းမဟာဘုံကထိန်ပွဲတော် #နာဂလိုဏ်ဂူကလေးဝတောရစာသင်တိုက်ကျောင်း





