နေမိုး
၃၀. ၁၀. ၂၀၂၅
တပ်မတော်၏ လေကြောင်းထိုးစစ်ကြောင့် တအာင်းအကြမ်းဖက်လက်နက်ကိုင် TNLA က သိမ်းယူထားသည့် မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့မှ ဆုတ်ခွာပေးမည်ဟု ကတိပြုလက်မှတ်ရေးထိုးခဲ့သည်ဟု PSLF/TNLA က အောက်တိုဘာ ၂၉ ရက်တွင် ဝန်ခံကတိပြု ထုတ်ပြန်လာသော်လည်း TNLA ၏ ခိုင်းစေခံနေသည့် NUG ၏ PDF များဖြစ်သော MDY PDF ၊ မိုးကုတ်ဗျူဟာနှင့် မြင်းခြံခရိုင် တပ်ရင်း (၉) တို့က ထုတ်ပြန်လာသည်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မှ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့နှင့် ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်သည့် NSPNC ကိုယ်စားလှယ်အဖွဲ့တို့သည် တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်း၏ ကြားဝင်ညှိနှိုင်းမှုဖြင့် (၉) ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကို တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၂၇-၂၈)ရက်နေ့တို့တွင် ပြုလုပ်ကျင်းပပြီးစီးခဲ့သည်။ တရုတ်နိုင်ငံအထူးကိုယ်စားလှယ်ကြီး၏ ကြားဝင်စေ့စပ်ညှိနှိုင်းမှုကြောင့် နှစ်ဖက်အပြန်အလှန် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်နိုင်ခဲ့ပြီးသဘောတူသတ်မှတ်ထားသည့်ကာလအတွင်း မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့မှ တအာင်းတပ်များ ပြန်လည်ဆုတ်ခွာမည်ဖြစ်သည်။ ထို့အပြင် တအာင်းဒေသကိုလည်း မြန်မာ့တပ်မတော်က လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများမပြုဘဲ၊ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့ (၀၀း၀၀) နာရီအချိန်မှစတင်၍ နှစ်ဖက်ရောက်ရှိသည့်နေရာတွင် တပ်များရပ်တန့်ကာ အပြန်အလှန် အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ထိုသို့ TNLA က ထုတ်ပြန်သော်လည်း TNLA နှင့် NUG ၏ လက်အောက်မှ ခိုင်းစေခံ MDY PDF ၊ မိုးကုတ်ဗျူဟာနှင့် မြင်းခြံခရိုင် တပ်ရင်း (၉) တို့က သယံဇာတခိုးထုတ်နိုင်သည့် မိုးကုတ်မြို့မှ ဆုတ်ခွာမည်မဟုတ်ကြောင်း အပြိုင်အဆိုင်ထုတ်ပြန်လာကြသလို TNLA ကလည်း တအာင်းဒေသနယ်မြေများ ဗုံးကြဲခံရသဖြင့် အပစ်အခတ်ရပ်စဲရန် သဘောတူခဲ့သော်လည်း တစ်ဖက်လှည့်နှင့်ကာကွယ်မည်ဟု လူမှုကွန်ရက်တွင် သတင်းပျံ့နှံ့ခဲ့ပြီးနောက် TNLA နှင့် NUG ၏ လက်အောက်မှ ခိုင်းစေခံ PDF များက မိုးကုတ်မြို့မှ မစွန့်ခွာဘဲ ခုခံတိုက်ခိုက်မည်ဟု တရားဝင် ထုတ်ပြန်လာကြခြင်းဖြစ်သည်။


