◾️ ဆရာဝန်က ရေနွေးပူနှစ်ကြိမ်လောင်းချခိုင်းခဲ့ပြီး တတိယအကြိမ်လောင်းချရန်ပြင်ဆင်နေစဉ် အဘိုးဖြစ်သူက တားမြစ်ခဲ့ရ
၃၀. ၁၀. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ၊ ချွန်ဘူရီပြည်နယ်၊ ဘိုဝင်မြို့နယ်ရှိ ဆေးခန်းတစ်ခုမှ ထိုင်းဆရာဝန်တစ်ဦးသည် လာအိုနိုင်ငံသား သုံးနှစ်သားအရွယ် ကလေးငယ်တစ်ဦး၏ အဖျားကြီးဝေဒနာနှင့် ကုသမှုကြောင့် ဖြစ်ပွားသော နောက်ဆက်တွဲ အတက်ရောဂါကို ကုသရန်ဟုဆိုကာ ကလေးငယ်၏ ရင်ဘတ်အပါအဝင် ခန္ဓာကိုယ်ပေါ် ရေနွေးပူချလောင်းခဲ့သဖြင့် ကလေးငယ်၏ ခန္ဓာကိုယ်တွင် ပြင်းထန်သော အပူလောင်ဒဏ်ရာများ ရရှိစေခဲ့သည်ဟု စွပ်စွဲခံရပြီးနောက် စုံစမ်းစစ်ဆေး ခံနေရသည်။

◾️ တရားမျှတမှု ရယူရန် ကြိုးပမ်းခြင်း
ရေနွေးပူလောင်းချခံခဲ့ရသော လာအိုနိုင်ငံသား မိဘများသည် ၎င်းတို့၏ သားငယ်အတွက် တရားမျှတမှု ရရှိရန် ကြိုးပမ်းနေကြသည်။
ဖြစ်စဉ်တွင် ယင်းတို့၏ရင်သွေး ကလေးငယ်သည် အောက်တိုဘာလ ၂၄ ရက်နေ့တွင် အဖျားဝေဒနာကို ကုသမှုခံယူစဉ် ဆရာဝန်က ကုထုံးအဖြစ် ရေနွေးပူအသုံးပြုခြင်းကြောင့် ပြင်းထန်သော အပူလောင်ဒဏ်ရာများ ခံစားနေရသည်။ အကျိုးအမြတ်မယူသော အဖွဲ့အစည်းဖြစ်သည့် Be One က လာအိုမိသားစုကို ကူညီရန်နှင့် ဆရာဝန်အပေါ် တရားဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်ပေးရန် ကြားဝင်ဆောင်ရွက်ပေးခဲ့သည်။
◾️ ဖြစ်စဉ်အသေးစိတ်
မိဘများ၏ ရှင်းပြချက်အရ ၎င်းတို့၏သားငယ်တွင် အဖျားကြီးခြင်းဝေဒနာခံစားနေရခြင်းကြောင့် ဝေဒနာကို ကုသရန် အဘိုးဖြစ်သူက အထက်ပါ ဆေးခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ ဆေးခန်းမှ ဆရာဝန်၏ လက်ထောက်တစ်ဦးက ကလေးငယ်ကို အဖျားသက်သာစေရန် ဆေးထိုးပေးခဲ့ရာ ကလေးငယ်သည် ဆေးထိုးပြီးနောက် တက်ခြင်းနှင့် သတိလစ်ခြင်းတို့ ဖြစ်ပေါ်ခဲ့သည်ဟု စွပ်စွဲထားသည်။

ထို့နောက် ဆေးခန်းလက်ထောက်သည် ဆရာဝန်ကို မည်သို့ဆက်လုပ်ရမည်ဆိုသည်ကို အကူအညီတောင်းခံခဲ့သည်။ ထိုအခါ ဆရာဝန်က လက်ထောက်အား ကလေးငယ်၏ ခန္ဓာကိုယ်ပေါ်တွင် မျက်နှာသုတ်ပဝါတစ်ခု တင်ထားရန် ညွှန်ကြားခဲ့ပြီးနောက် ပဝါပေါ်သို့ ရေနွေးဆူဆူကို လောင်းချခိုင်းခဲ့သည် ဟုဆိုသည်။ ထိုသို့ လောင်းချခိုင်းခဲ့သော်လည်း ကလေးငယ်မှာ သတိမရသေးသဖြင့် ဆရာဝန်က ပဝါပေါ်သို့ ရေနွေးပူပူကို ထပ်မံ၍ တစ်ကြိမ် လောင်းချခဲ့သည်။
တတိယအကြိမ် ရေနွေးလောင်းချရန် ဆရာဝန်က ပြင်ဆင်စဉ် အဘိုးဖြစ်သူက ကာကွယ်တားဆီးခဲ့သည်။ ထို့နောက် မကြာမီတွင် ကလေးငယ်သည် သတိပြန်လည်လာပြီး အပူဒဏ်ကြောင့် နာကျင်စွာ အော်ဟစ်ငိုယိုခဲ့သည်ဟု ဆိုသည်။
◾️ ဆေးရုံသို့ မပို့ဘဲ အိမ်၌သာ ကုသရန် ညွှန်ကြားခြင်း
ဆရာဝန်နှင့် ၎င်း၏လက်ထောက်တို့သည် ယင်းတို့၏ ကုသမှုကြောင့် ဖြစ်ပွားသော ရေနွေးပူလောင်ဒဏ်ရာများကို ဆေးလိမ်းပေးကာ ပတ်တီးစည်းပေးပြီးနောက် ကလေးငယ်ကို ဆေးရုံသို့ မပို့ခိုင်းဘဲ နေအိမ်တွင်သာ ဆက်လက်ကုသရန် အဘိုးကို ညွှန်ကြားခဲ့သည်။
ထိုနေ့ညနေပိုင်းတွင် ကလေးငယ်မှာ နာကျင်စွာ ငိုယိုသဖြင့် ဖခင်ဖြစ်သူက ပတ်တီးကို ဖယ်ရှား၍ ဒဏ်ရာကို ကြည့်ရှုသောအခါ ပြင်းထန်သော အပူလောင်ဒဏ်ရာများကို မြင်တွေ့ရသဖြင့် တုန်လှုပ်ခဲ့ရသည်။ နောက်တစ်နေ့မနက်တွင်မူ အပူလောင်ဒဏ်ရာအပြင်းအထန်ရထားသော သားငယ်ကို ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့သည်။
◾️ ဆရာဝန်၏ တုံ့ပြန်ချက်
မိဘများက ၎င်းတို့၏ ပြောပြချက်များမှာ မှန်ကန်ကြောင်း အခိုင်အမာ ပြောဆိုနေသော်လည်း၊ ဆရာဝန်၏ ဇနီးသည်က ၎င်းတို့သည် ခင်ပွန်းဖြစ်သူထံမှ လျော်ကြေးရရန်အတွက် လုပ်ကြံပြောဆိုခြင်းဖြစ်သည်ဟု စွပ်စွဲခဲ့သည်။ ရဲအရာရှိများနှင့် ရှေ့နေတို့ ဆေးခန်းသို့ သွားရောက်ခဲ့သည့်အခါ ဆရာဝန်က ၎င်း၏ လုပ်ရပ်ကို ကာကွယ်ပြောဆိုခဲ့ပြီး ယင်းကျူးလွန်မှုသည် အသက်ကယ်ကုသမှုဖြစ်ကြောင်း အခိုင်အမာပြောခဲ့သည်ဟု ဆိုသည်။
ဆရာဝန်က “ကျွန်တော်သာ အဲဒီလို မလုပ်ခဲ့ရင် ခင်ဗျားတို့ကလေး သေဆုံးသွားလိမ့်မယ်” ဟု ပြောဆိုခဲ့သည်ဟု သိရသည်။
Channel 3 ၏ အောက်တိုဘာလ ၂၉ ရက်နေ့ သတင်းဖော်ပြချက်အရ အဆိုပါကိစ္စအပေါ် လူအများ၏ အာရုံစိုက်မှုခံရပြီးနောက် ဆေးခန်း၏ စီမံခန့်ခွဲမှုက မည်သည့် ထုတ်ပြန်ချက်မှ မပြုလုပ်သေးသလို ဆေးခန်းကိုလည်း ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။ ထိုနည်းတူ သက်ဆိုင်ရာကလည်း ဖြစ်စဉ်ကို စစ်ဆေးသုံးသပ်နေဆဲဖြစ်သည်။
Ref, The Thaiger
