၃၀.၁၀.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်က တရုတ်သမ္မတ ရှီကျင်ဖိန်နဲ့ ဆွေးနွေးပွဲကို တောင်ကိုရီးယားနိုင်ငံ၊ ပူဆန်မြို့မှာ အောက်တိုဘာလ ၃၀ ရက်က မျက်နှာချင်းဆိုင် ဆွေးနွေးမှုပြုခဲ့ကြရာမှာ ဆွေးနွေးပွဲအပြီးမှာတော့ ထရမ့်ပ်က အံ့ဩဖွယ်တွေ့ဆုံမှုအဖြစ် ချီးကျူး ပြောကြားခဲ့ပါတယ်။
ထရမ့်ပ်ရဲ့ အမေရိကန်ပြည်ထောင်စုကို အပြန်ခရီး Air Fprce One လေယာဉ်ပေါ်မှာ သတင်းထောက်တွေကို သူက မြေရှားသတ္တုကိစ္စနဲ့ပတ်သက်လို့ တရုတ်နိုင်ငံမှ အတားအဆီးလုံးဝမရှိတော့ဘူးလို့ ပြောခဲ့ပါတယ်။ တရုတ်နိုင်ငံက ကမ္ဘာ့ရှားပါးသတ္တုအများစုအပြင် ပြုပြင်ထုတ်လုပ်မှု လုပ်ငန်းစဉ် လက်တွေ့ နည်းပညာ ကျွမ်းကျင်မှုကိုလည်း ထိန်းချုပ်ထားပါတယ်။
ဒီအစည်းအဝေးက ၂၀၁၉ ခုနှစ်နောက်ပိုင်း သူတို့နှစ်ဦးရဲ့ ပထမဆုံးတွေ့ဆုံမှုဖြစ်ပြီး ထရမ့်ပ်ကလည်း ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံနှစ်ခုကြားကုန်သွယ်ရေးသဘောတူညီချက်တစ်ခုရရှိဖို့ ကြိုးပမ်း နေချိန်ဖြစ်ပါတယ်။
ရှီနဲ့ ဆွေးနွေးပွဲအပြီးမှာ တရုတ်နိုင်ငံက အမေရိကန်နိုင်ငံမှ ပဲပုပ်နဲ့ တခြားလယ်ယာထွက်ကုန်တွေကို အမြောက်အမြား ဝယ်ယူဖို့ သဘောတူညီခဲ့တယ်လို့ ထရမ့်ပ်က ပြောခဲ့ပါတယ်။ Air Force One လေယာဉ်ပေါ်မှာ ထရမ့်ပ်က “ကျွန်တော်တို့ အချက်များစွာမှာ သဘောတူညီမှု ရရှိခဲ့ပါတယ်။ ပဲပုပ်နဲ့ တခြားလယ်ယာထွက်ကုန်တွေကို တရုတ်က ချက်ချင်းဝယ်ယူမှာပါ” လို့ ထရမ့်ပ်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
အမေရိကန်ပဲပုပ်ဝယ်ယူမှုတွေ ပြန်လည်စတင်ဖို့၊ မြေရှားသတ္တုတင်ပို့မှုတွေကို ဆက်လက်ထိန်းသိမ်းထားဖို့နဲ့ ဖန်တနိုင်းလ်ဆေးဝါး တရားမဝင်ကုန်သွယ်မှုကို နှိမ်နင်းမှုပြုဖို့အတွက် တရုတ်နိုင်ငံရဲ့ သဘောတူညီချက်ကို အလဲအလှယ်အနေနဲ့ ထရမ့်ပ်ကလည်း တရုတ်သွင်းကုန်များအပေါ် ကောက်ခံတဲ့ ကုန်သွယ်စည်းကြပ်ခွန်တွေကို ၅၇ ရာခိုင်နှုန်းကနေ ၄၇ ရာခိုင်နှုန်းအထိ လျှော့ချပေးဖို့ သဘောတူခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ အမေရိကန်ပဲပုပ်တွေရဲ့ အဓိကဝယ်ယူသူဖြစ်ပြီး အမေရိကန်နိုင်ငံမှာ ထုတ်လုပ်မှုရဲ့ လေးပုံတစ်ပုံခန့်ကို ဝယ်ယူပါတယ်။ ဒါပေမယ့် ၂၀၂၅ ခုနှစ်မှာ တရုတ်နိုင်ငံက အမေရိကန်မှ ပဲပုပ်ဝယ်ယူတာကို ရပ်တန့်ခဲ့ပြီး ဘရာဇီးနဲ့ အာဂျင်တီးနားနိုင်ငံတွေကနေ အစားထိုးတင်သွင်းခဲ့လို့ အမေရိကန်တောင်သူ လယ်သမားတွေမှာ များစွာထိခိုက်ခဲ့ရကာ ဒေါ်လာ ဘီလျံနဲ့ ချီလို့ ဆုံးရှုံးခဲ့ပါတယ်။
ရှီနဲ့ တွေ့ဆုံပွံအပြီးမှာတော့ ထရမ့်ပ်က ၂၀၂၆ ခုနှစ် ဧပြီလအတွင်း တရုတ်နိုင်ငံကို ကိုယ်တိုင်သွားရောက်လည်ပတ်ဖို့ အစီအစဉ်တွေကို ကြေညာခဲ့ပါတယ်။
ဆွေးနွေးပွဲရလဒ်တွေနဲ့ ပတ်သက်လို့ တောင်ပိုင်းကယ်လီဖိုးနီးယားတက္ကသိုလ်မှ ပညာရှင်တစ်ဦးဖြစ်တဲ့ လာဗင်က အမေရိကန် မျှော်လင့်နိုင်တဲ့ အဓိပ္ပာယ်အရှိဆုံးတိုးတက်မှုက တရုတ်ဘက်က ကုန်သွယ်စည်းကြပ်ခွန်လျှော့ချမှုနဲ့ ဖန်တနိုင်းလ် ဆေးဝါးအပေါ် လက်တွေ့လုပ်ဆောင်မှုဖြစ်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
သူက “သမ္မတထရမ့်ပ်အနေနဲ့ သူ့ရဲ့ ကုန်သွယ်စည်းကြပ်ခွန်ပြဌာန်းမှုတွေက ခုလို ကုန်သွယ်ရေးဆွေးနွေးပွဲတွေမှာ ထိရောက်မှု ဒါမှမဟုတ် အသုံးဝင်မှုမရှိပါဘူးဆိုတာ ဒီနေရာမှာ အလွန်တန်ဖိုးကြီးတဲ့ သင်ခန်းစာတစ်ခုကို ရစေတာပဲလို့ ကျွန်တော်ထင်ပါတယ်” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
လာဗင်က”သူတို့ကို ခြိမ်းခြောက်မှုအဖြစ် ဒါမှမဟုတ် အချက်တစ်ခုကို သရုပ်ပြဖို့အတွက် အသုံးဝင်နိုင်ပေမယ့် သင်ဘက်က စတင်အသုံးပြုတာနဲ့ တစ်ဖက်ကလည်း အလားတူတုံ့ပြန်မှာဆိုတာ မျှော်လင့်နိုင်ပြီး ဒီနောက်တော့ နှစ်ဖက်စလုံး ဆုံးရှုံးရမှာပေါ့” ဝေဖန်ပြောကြားသွားပါတယ်။
ဒါကြောင့် ထရမ့်ပ်နဲ့ ရှီ ဆွေးနွေးပွဲက တစ်ဖက်နဲ့တစ်ဖက် လိုက်လျောဖြေလျှော့မှုတချို့ရှိပေမယ့် မျှော်လင့်ထားသလို သဘောတူညီချက်တစ်စုံတစ်ရာတော့ မရခဲ့ဘူးလို့ ဆိုရမှာပါ။
Ref- CNA
