၃၀. ၁၀. ၂၀၂၅
Translated by Thettant
မွတ်စလင်လူမျိုးအများဆုံးနေထိုင်ရာ ထိုင်းနိုင်ငံတောင်ပိုင်း၊ နရာသီဝပ်ပြည်နယ်၊ မူအန်း နရာသီဝပ်ခရိုင်ရှိ ကမ်းခြေတစ်ခုတွင် စစ်ဆေးရေးဂိတ်၌ ဆိုင်ကယ်အသိမ်းခံခဲ့ရသည့် ထိုင်းဆယ်ကျော်သက်သုံးဦးက ထိုင်းလူငယ်စုံတွဲတစ်တွဲ၏ဆိုင်ကယ်ကို လှသည်ဟုဆိုကာ တောင်းယူသည်ကို ငြင်းဆန်သဖြင့် ချစ်သူစုံတွဲအား သေနတ်ဖြင့် ပစ်သတ်ကာ ဆိုင်ကယ်လုယက်ခဲ့သည့် အသက် ၁၄ နှစ်မှ ၁၆ နှစ်ကြားရှိ ထိုင်းဆယ်ကျော်သက် သုံးဦး ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။
ဖြစ်စဉ်တွင် အသက် ၂၂ နှစ်အရွယ် အမျိုးသား တစ်ဦးနှင့် ၁၈ နှစ်အရွယ် အမျိုးသမီး တစ်ဦးတို့အား အောက်တိုဘာလ ၂၉ ရက်နေ့သို့ကူးစ နံနက် ၂ နာရီခွဲတွင် နရာသီဝပ်ပြည်နယ်၊ ဘန်နတ်မြို့နယ်ရှိ နာရာသတ်ကမ်းခြေ ၌ သေဆုံးလျက်သား တွေ့ရှိခဲ့ရသည်။ အမျိုးသားတွင် ရင်ဘတ်နှင့် ဦးခေါင်း၌ သေနတ်ဒဏ်ရာ နှစ်ချက်စီရှိပြီး၊ အမျိုးသမီးတွင် ရင်ဘတ်၌ သေနတ်ဒဏ်ရာတစ်ချက်တွေ့ရှိရသည်။ သို့သော် ၎င်းတို့၏ Honda Giorno ဆိုင်ကယ်မှာ အခင်းဖြစ်နေရာတွင် မရှိတော့ပေ။
ထိုဖြစ်စဉ် မပေါ်ပေါက်မီအချိန်က ထိုင်းရဲအရာရှိများသည် စီးနင်းလာသည့် ဆိုင်ကယ်နှင့် ပတ်သက်၍ စာရွက်စာတမ်း အပြည့်အစုံမရှိခြင်းနှင့် လိုင်စင်ပြား မကိုက်ညီခြင်းတို့ကြောင့် ဆယ်ကျော်သက်သုံးဦး ကို စစ်ဆေးရေးဂိတ်တစ်ခုတွင် ဖမ်းဆီးကာ ဆိုင်ကယ်တစ်စီးကိုသိမ်းဆည်းခဲ့ကြောင်း မြို့နယ် နာရာသီဝပ်ရဲစခန်းမှ ဒုစစ်ဆေးရေးမှူးတစ်ဦးက ပြောကြားခဲ့သည်။
စီစီတီဗီမှတ်တမ်းများနှင့် မျက်မြင်သက်သေများ၏ ထွက်ဆိုချက်များအရ စုံတွဲကို သတ်ဖြတ်ပြီး ဆိုင်ကယ်လုယက်သွားသူ လူငယ်သုံးဦးသည် စစ်ဆေးရေးဂိတ်တွင် ဆိုင်ကယ်တစ်စီးကို သိမ်းကာ ဖမ်းဆီးစစ်ဆေးထားသည့် ဆယ်ကျော်သက် သုံးဦး၏ ပုံပန်းသဏ္ဌာန်နှင့် ကိုက်ညီနေသဖြင့် ရဲတပ်ဖွဲ့ဝင်များက ရာငဲခရိုင်ရှိ နေအိမ်တစ်အိမ်သို့ လိုက်လံစုံစမ်းခဲ့သည်။ ထိုနေရာတွင် သေဆုံးသူတို့၏ ဆိုင်ကယ်ကို စတစ်ကာများနှင့် နံပါတ်ပြားများ ဖယ်ရှားပြီး အနေအထားဖြင့် ပြန်လည်တွေ့ရှိခဲ့ပြီး၊ ၎င်းတို့ ကျူးလွန်စဉ် စီးနင်းခဲ့သည့် အနက်ရောင် Yamaha GT125 ဆိုင်ကယ် နှင့်အတူ ပစ်ခတ်ရာတွင် အသုံးပြုခဲ့သော ၉ မမ ပစ္စတို တစ်လက်ကိုပါ သိမ်းဆည်းရမိခဲ့သည်။
မေးမြန်းစစ်ဆေးစဉ်အတွင်း ကျူးလွန်သူ ဆယ်ကျော်သက်များက ရာငဲခရိုင်မှ ဆိုင်ကယ်နှစ်စီး စီးနင်းကာ မူအန်းနရာသီဝပ်သို့လာခဲ့ကြောင်း ဝန်ခံခဲ့သလို စစ်ဆေးရေးဂိတ်၌ စာရွက်စာတမ်း မပြည့်စုံမှုနှင့် လိုင်စင်နံပါတ်ပြား မမှန်ကန်မှုကြောင့် ၎င်းတို့၏ ဆိုင်ကယ်တစ်စီး အသိမ်းခံခဲ့ရကြောင်း ထွက်ဆိုခဲ့သည်။
ထို့နောက် သုံးဦးစလုံး နာရာသီဝပ်မြို့ထဲသို့ ဆိုင်ကယ်တစ်စီးကို အတူစီးနင်းဝင်ရောက်ခဲ့ပြီး နဂါးရုပ်တုအနီးရှိ ထင်းရှူးပင်များအောက်တွင် ပုခက်ဖြင့် အနားယူနေသော ချစ်သူစုံတွဲကို တွေ့ရှိခဲ့သည်။ ဆယ်ကျော်သက်များက ၎င်းတို့ ဆိုင်ကယ်ကို လှပသည်ဟုဆိုကာ တောင်းယူခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
စုံတွဲက ဆိုင်ကယ်ပေးရန် ငြင်းဆန်လိုက်သည့်အခါ ဆယ်ကျော်သက်သုံးဦးက အမျိုးသားကို ချက်ချင်း ပစ်သတ်ခဲ့သည်။ အမျိုးသမီး ထွက်ပြေးစဉ် တိုက်ခိုက်သူများက လိုက်လံပစ်ခတ်ခဲ့သဖြင့် အမျိုးသမီးမှာလည်း ကျည်ထိမှန်ပြီး မြေပြင်ပေါ် လဲကျသွားခဲ့သည်။ ထို့နောက် ၎င်းတို့သည် ဆိုင်ကယ်ကို ခိုးယူကာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။
လက်ရှိတွင် သံသယရှိသူ သုံးဦးစလုံးကို နရာသီဝပ်မြို့နယ်ရဲစခန်း၌ ထိန်းသိမ်းထားပြီး ကျူးလွန်သူများမှာ အသက်မပြည့်သေးသည့် ဆယ်ကျော်သက်များဖြစ်သဖြင့် အသေးစိတ်စုံစမ်းဆဲဖြစ်သည်ဟု သိရသည်။
Ref, Bangkok Post
