၃၀ . ၁၀. ၂၀၂၅
Translated by Thettant
ထိုင်းသူနာပြုကျောင်းသူလေးတစ်ဦးသည် မနေ့က အောက်တိုဘာလ ၂၉ ရက် နံနက်အစောပိုင်းတွင် ပတ္တရားသို့သွားရာ အဝေးပြေးပေါ်၌ ဖြစ်ပွားခဲ့သော ယာဉ်သုံးစီးပါဝင် ဆင့်ကဲတိုက်မှုဖြစ်စဉ်အတွင်း သေဆုံးဒဏ်ရာရသူများကို ကူညီပေးနေစဉ် အခြားယာဉ်တစ်စီးက ထပ်မံတိုက်မိရာမှ အသက်ဆုံးရှုံးခဲ့ရသည်ဟု သိရသည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်တွင် ကားငါးစီးပါဝင်ပတ်သက်ခဲ့သည်ဟုလည်း သိရပြီး ဖြစ်စဉ်အားလုံးအတွင်း စုစုပေါင်း လူ ၃ ဦး သေဆုံးကာ ငါးဦး ဒဏ်ရာရရှိခဲ့သည်ဟုလည်း သိရသည်။
◾️ ဖြစ်စဉ်အသေးစိတ်
အဆိုပါ ဆိုးရွားသည့် ယာဉ်မတော်တဆမှုကို အောက်တိုဘာ ၂၉ ရက် နံနက် ၃ နာရီခွဲခန့်တွင် အဝေးပြေးရဲတပ်ဖွဲ့ထံ မျက်မြင်များက သတင်းပေးပို့ခဲ့သည်။ ဖြစ်စဉ်သည် ပတ္တရားသို့သွားရာလမ်းပိုင်းဖြစ်သော ချွန်ဘူရီပြည်နယ်၊ သီရချာခရိုင်ရှိ အဝေးပြေးလမ်း အမှတ် (၇) တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ရဲအရာရှိများနှင့် ပေါင်းရီယန်တိုင် ဖောင်ဒေးရှင်းမှ ကယ်ဆယ်ရေးသမားများသည် အခင်းဖြစ်ပွားရာသို့ သွားရောက်ကူညီ ကယ်ဆယ်စစ်ဆေးမှုပြုခဲ့ကြသည်။

အဆိုပါယာဉ်တိုက်မှုတွင် ပါဝင်ပတ်သက်ခဲ့သည့် ယာဉ်ငါးစီးမှာ Hino ၁၈ ဘီးထရပ်ကားတစ်စီး၊ Toyota Fortuner SUV တစ်စီး၊ Toyota Camry ဆီဒန်တစ်စီး၊ GAC Aion Y Plus လျှပ်စစ် SUV တစ်စီးနှင့် MG ဆီဒန်တစ်စီးတို့ဖြစ်သည်ဟုလည်း ရဲတပ်ဖွဲ့၏ စစ်ဆေးမှုအရ သိရသည်။
◾️ သေဆုံးသူများနှင့် ဒဏ်ရာရသူများ
အခင်းဖြစ်ပွားရာတွင် သေဆုံးခဲ့သူ သုံးဦးမှာ Toyota Camry ယာဉ်မောင်း အသက် ၄၀ နှစ်အရွယ် ဖန်နူဖန် ရတ်စမီ၊ ဖန်နူဖန်နှင့်အတူပါလာသည့် အသက် ၄၃ နှစ်အရွယ် ကမ္ဘာလှည့်ခရီးသွား တောင်ကိုရီးယားနိုင်ငံသား ဂျောင်ကီယောင်နှင့် လျှပ်စစ် SUV ကို မောင်းနှင်လာသူ အသက် ၂၂ နှစ်အရွယ် ထိုင်းသူနာပြုကျောင်းသူလေး ဂျီရာဝါဒီ တွန်ထုံဒိုင်တို့ဖြစ်သည်။
ဖြစ်စဉ်အတွင်း အခြားလူငါးဦးမှာ ဒဏ်ရာရရှိခဲ့ကြပြီး အနီးရှိ ဆေးရုံများသို့ အရေးပေါ် ပို့ဆောင်ခဲ့ရသည်။ သို့သော် ၎င်းတို့၏ လက်ရှိအခြေအနေကိုမူ အများပြည်သူသို့ ထုတ်ပြန်ခြင်း မရှိသေးပေ။
◾️ မျက်မြင်သက်သေများ၏ ထွက်ဆိုချက်
မျက်မြင်သက်သေများ၏ အဆိုအရ ဖြစ်စဉ်အစတွင် အရှိန်လွန် Toyota Fortuner သည် ထိန်းချုပ်မှု လွတ်ကင်းသွားပြီး Hino ၁၈ ဘီး ထရပ်ကား၏ နောက်ဘက်ကို ဝင်တိုက်မိခဲ့သည်။ ထို့နောက် ခဏအကြာတွင် Toyota Camry သည် Fortuner ၏ ဘေးဘက်ကို ၀င်တိုက်မိပြီးနောက် လမ်းဘေး အတားအဆီးကို ထပ်မံဝင်တိုက်ခဲ့သဖြင့် တစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး နောက်ပိုင်းတွင် သေဆုံးသွားခဲ့သည်။

သူနာပြုကျောင်းသူလေး ဂျီရာဝါဒီသည် မတော်တဆမှုကို မြင်တွေ့ပြီး ယာဉ်မတော်တဆမှုအတွင်း သေဆုံးဒဏ်ရာရသူများကို ကူညီရန် သူမ၏ကားကို ရပ်တန့်ခဲ့သည်။ သူမသည် ကယ်ဆယ်ရေးအဖွဲ့ကို ဖုန်းခေါ်ပြီး ယာဉ်တိုက်မှုထပ်မံ မဖြစ်ပွားစေရေး အခြားယာဉ်များကို အချက်ပြရန် လမ်းပေါ်တွင် ရပ်နေခဲ့သည်။ ထိုအချိန်တွင် ဖြစ်ပွားခဲ့သည့် ဝမ်းနည်းစရာဖြစ်ရပ်မှာ အရှိန်လွန်နေသည့် MG ဆီဒန်ယာဉ်တစ်စီးက သူမကို မမြင်ဘဲ ထပ်မံဝင်တိုက်မိခဲ့ခြင်း ဖြစ်သည်။
◾️ ကူညီကယ်ဆယ်ရာတွင် ပါဝင်သည့် သူမခင်ပွန်းလည်း ယာဉ်တိုက်မိပြီး သွေးအလှူခံနေရ
ယာဉ်တိုက်မှုကို ကူညီကယ်ဆယ်နေသည့် ကယ်ဆယ်ရေးသမားများထဲမှ တစ်ဦးဖြစ်သည့် ဝမ်ချလိုမ် အန်ချူနီသည်လည်း ဂျီရာဝါဒီနည်းတူ အရှိန်လွန် MG ကား၏ ဝင်တိုက်မိခြင်းကို ခံခဲ့ရသည်။ အန်ချူနီသည်လည်း ချွန်ဘူရီဆေးရုံ၌ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေပြီး ခွဲစိတ်မှုကို စောင့်ဆိုင်းနေရသည်။ သို့သော် သွေးအလုံအလောက် မရှိသောကြောင့် ဆေးရုံက အရေးပေါ် သွေးလှူဒါန်းမှု တောင်းခံစာထုတ်ပြန်ခဲ့ရသည်။
Channel 7 ၏ ဖော်ပြချက်အရ ဝမ်ချလိုမ်သည် ဂျီရာဝါဒီ၏ ခင်ပွန်းဖြစ်သည်ဟု သိရသည်။ ဂျီရာဝါဒီ၏ မွေးနေ့ကို ကျင်းပရန် ခရီးထွက်နေစဉ် မတော်တဆမှုနှင့် ကြုံတွေ့ပြီးနောက် ကူညီရန် ရပ်နားခဲ့ကြစဉ် အဖြစ်ဆိုးကြုံခဲ့ခြင်း ဖြစ်သည်။
သူနာပြုကျောင်းသူ ဂျီရာဝါဒီ၏ ရုပ်အလောင်းကို ဈာပနအခမ်းအနားများ ပြုလုပ်ရန် သူမ၏ ဇာတိခရိုင်ဖြစ်သည့် အီဆန်ဒေသရှိ ဆစ္စကတ်သို့ လွှဲပြောင်းပေးခဲ့သည်ဟု ကနဦး သိရသော်လည်း ယာဉ်တိုက်မှုဖြစ်စဉ်အပေါ် နောက်ဆက်တွဲစုံစမ်းစစ်ဆေး အရေးယူမှု အခြေအနေများကိုမူ လတ်တလော မသိရသေးပေ။
Ref , The Thaiger

