◾️ နျူကလီးယားလက်နက်တွေ အပြိုင်အဆိုင်စမ်းသပ်ပြီး အင်အားပြလာကြတာက စစ်အေးခေတ်ကို ပြန်ပြီးတော့ ဦးတည်နေလေသလား
၃၀.၁၀.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ထရမ့်ပ်က အောက်တိုဘာလ ၃၀ ရက်မှာ အစီအစဉ်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတရှီကျင့်ဖိန်နဲ့ တွေ့ဆုံဆွေးနွေးမှုမပြုမီမှာ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန ပင်တဂွန်ကို တခြားနျူကလီးယားအင်အားကြီးနိုင်ငံတွေနဲ့တန်းတူ နျူကလီးယားလက်နက်တွေ စမ်းသပ်တာကို ချက်ချင်းပြန်လည်စတင်ဖို့ ညွှန်ကြားထားတယ်လို့ ပြောကြားခဲ့ပါတယ်။
ထရမ့်ပ်က “တခြားနိုင်ငံတွေရဲ့ စမ်းသပ်အစီအစဉ်တွေကြောင့် ကျွန်တော်တို့ရဲ့ နျူကလီးယားလက်နက်တွေကိုလည်း တန်းတူအဆင့်နဲ့ စတင်စမ်းသပ်ဖို့ ကျွန်တော်ညွှန်ကြားထားပါတယ်။ ဒီလုပ်ငန်းစဉ်ကို ချက်ချင်းစတင်မှာပါ” လို့ တောင်ကိုရီးယားမှာ ရှီကျင့်ဖိန်နှင့် တွေ့ဆုံမှုမပြုမီ လူမှုကွန်ရက် Truth Social မှာ ပြောကြားခဲ့ပါတယ်။
ဒါ့ပြင်ထရမ့်ပ်က”အမေရိကန်ပြည်ထောင်စုအနေနဲ့ တခြားဘယ်နိုင်ငံထက်မဆို နျူကလီးယားလက်နက်တွေ သာလွန် ပိုင်ဆိုင်ပါတယ်။ ရုရှားက ဒုတိယနေရာမှာရှိပြီး တရုတ်က ဝေးလံတဲ့ တတိယနေရာမှာ ရှိနေပေမယ့် ၅ နှစ်အတွင်းတောင် အမေရိကန်ကို မှီလာနိုင်ပါတယ်” လို့ မှတ်ချက်ပြုခဲ့ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်က အောက်တိုဘာလ ၂၉ ရက်မှာ ရုရှားဟာ ပိုဆီဒုန် (Poseidon) နျူကလီးယားစွမ်းအင်သုံး စူပါတော်ပီဒိုကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီလို့ ပြောခဲ့ပြီး စစ်ရေးလေ့လာသုံးသပ်သူတွေက ဒီလက်နက်ဟာ ကြီးမားသော ရေဒီယိုသတ္တိကြွ သမုဒ္ဒရာလှိုင်းတွေကို ဖြစ်ပေါ်စေလို့ ကမ်းရိုးတန်းဒေသတွေကို ဖျက်ဆီးနိုင်စွမ်းရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
ထရမ့်ပ်ဟာ ရုရှားနိုင်ငံအပေါ် သူ့ရဲ့ ပြောကြားချက်တွေနဲ့ ရပ်တည်ချက် နှစ်ခုလုံးကို ပိုမိုခိုင်မာအောင် လုပ်ဆောင်နေချိန်မှာပဲ ပူတင်ကလည်း အောက်တိုဘာ ၂၁ ရက်မှာ ဗျူရီဗက်စ်နစ်ခ် Burevestnik ခရုဇ်ဒုံးကျည်အသစ် စမ်းသပ်မှုနဲ့ အောက်တိုဘာ ၂၂ ရက်မှာ နျူကလီးယားပစ်လွှတ်မှု လေ့ကျင့်မှုတွေ ပြုလုပ်ပြီး ရုရှားနိုင်ငံရဲ့ နျူကလီးယားအင်အားကို လူသိရှင်ကြား ပြသခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ၁၉၉၂ ခုနှစ်မှာ နျူကလီးယားလက်နက်ကို နောက်ဆုံးစမ်းသပ်ခဲ့တာပါ။
နျူကလီးယား စမ်းသပ်မှုတွေ ပြုလုပ်ပြတာက ဘယ်နျူကလီးယားလက်နက်အသစ်မဆို ဘယ်လောက်အထိ စွမ်းဆောင် လုပ်နိုင်ရည်ရှိတာကို သက်သေပြမှာဖြစ်ပြီး နျူကလီးယားလက်နက်အဟောင်းတွေမှာလည်း စွမ်းဆောင်နိုင်ရည်ရှိဆဲဆိုတာ သက်သေပြမှာပါ။
နည်းပညာဆိုင်ရာစာရင်းဇယားအချက်တွေ ပေးအပ်တာအပြင် ဒီလိုစမ်းသပ်မှုမျိုးကို ရုရှားနဲ့ တရုတ်နိုင်ငံတို့မှာ အမေရိကန်ရဲ့ မဟာဗျူဟာမြောက်အင်အား စွမ်းရည်ကို တမင်ရည်ရွယ်ပြီးပြုလုပ်တာလို့ ရှုမြင်ကြမှာဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ၁၉၄၅ ခုနှစ် ဇူလိုင်လမှာ နယူးမက္ကဆီကိုပြည်နယ်၊ အလာမိုဂေါ်ဒိုမြို့ အနီးမှာ ၂၀ ကီလိုတန် အဏုမြူဗုံးကို စမ်းသပ်ပြီးတော့ နျူကလီးယားခေတ်ကို စတင်ခဲ့ပြီး ဒုတိယကမ္ဘာစစ်ကို အဆုံးသတ်ဖို့ ရည်ရွယ်ချက်နဲ့ ၁၉၄၅ ခုနှစ် ဩဂုတ်လမှာ ဂျပန်နိုင်ငံမြို့တွေဖြစ်တဲ့ ဟီရိုရှီးမားနှင့် နာဂါဆာကီမြို့တွေပေါ်ကို အဏုမြူဗုံးတွေ ကြဲချခဲ့ပါတယ်။
ဒီလိုအင်အားကြီးနိုင်ငံတွေက နျူကလီးယားလက်နက်တွေ အပြိုင်အဆိုင်စမ်းသပ်ပြီးအင်အားပြလာကြမယ်ဆိုတာကဖြင့် စစ်အေးခေတ်ကို ပြန်ပြီးတော့ ဦးတည်နေလေသလား စိုးရိမ်စရာဖြစ်ရပါတယ်။
Ref-CNA
