၃၀. ၁၀. ၂၀၂၅
Written by Nyein Kyaw
ရွှေညောင်-သာစည် အစုန်/အဆန်ရထားခရီးစဉ်ကို တောင်ကြီးအထိ မနက်ဖြန်မှ စတင်ပြေးဆွဲပေးမည့်အပြင် တန်ဆောင်တိုင်မီးပုံးပျံပွဲတော် ကာလအတွင်း တောင်ကြီးမြို့ရှုခင်းများ ကြည့်ရှုခံစားနိုင်ရန် တောင်ကြီး-ပေါမူ၊ ပေါမူ-တောင်ကြီး Sight Seeing ရထားခရီးစဉ်ကို နိုဝင်ဘာ ၁ ရက်မှ ၄ ရက်အထိ ပြေးဆွဲပေးမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
ရာဂီမုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် သာစည်-ရွှေညောင် ရထားလမ်းပိုင်းအား ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၁ ရက်မှစတင်၍ အမှတ်(၁၄၁)အဆန် သာစည်-ရွှေညောင်ရထားအား သောကြာနေ့နှင့် အမှတ်(၁၄၂)အစုန် ရွှေညောင်-သာစည်ရထားအား တနင်္လာနေ့များတွင် ပုံမှန်ပြေးဆွဲပေးလျက်ရှိသည်။
အဆိုပါ ရွှေညောင်-သာစည်ရထားခရီးစဉ်အား အောက်တိုဘာ ၃၁ ရက်မှ စတင်၍ သာစည်မှ တောင်ကြီးအထိ ပြေးဆွဲပေးသွားမည်ဖြစ်ပြီး သာစည်မှ နံနက် ၅ နာရီထွက်ခွာ၍ တောင်ကြီးသို့ ည ၆ နာရီခွဲရောက်ရှိမည်ဖြစ်သည်။ တောင်ကြီးမှ နံနက် ၆ နာရီထွက်ခွာ၍ သာစည်သို့ ည ၇ နာရီခွဲတွင် ရောက်ရှိမည်ဖြစ်သည်။
အဆိုပါ ခရီးစဉ်အတွင်း ဘူတာစဉ်အလိုက်ရပ်တန့်ပေးမည်ဖြစ်ပြီး ခရီစဉ်အစအဆုံးအတွက် လက်မှတ်ခ ရိုးရိုးတန်း ကျပ် ၁၂,၀၀၀ နှင့် အထက်တန်း ကျပ် ၁၄,၀၀၀ ဖြစ်သည်။
ထို့အတူ ရွှေညောင်-တောင်ကြီးရထားလမ်းပိုင်းအတွင်း ရာဂီမုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် အေးသာယာ-ပေါမူ-ထီးသိမ်ဘူတာအကြား ရထားလမ်းပိုင်းပြုပြင်ခြင်းများ ဆောင်ရွက်ပြီးဖြစ်၍ ယခုအောက်တိုဘာ ၂၈ ရက်တွင် ဝန်ချိန်အပြည့်ရထား စပ်သပ်မောင်းနှင်ခြင်းကို ဆောင်ရွက်ခဲ့သည်။
ထို့သို့ ပြုပြင်စမ်းသပ်နိုင်ခဲ့ပြီးဖြစ်၍ တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော် ကျင်းပမည့် ကာလအတွင်း ပြည်တွင်း/ပြည်ပ ခရီးသွားပြည်သူများ တောင်ကြီးမြို့ရှုခင်းများကို ကြည့်ရှုခံစားနိုင်ရန် တောင်ကြီး-ပေါမူ၊ ပေါမူ-တောင်ကြီး Sight Seeing ရထားခရီးစဉ်ကို နိုဝင်ဘာ ၁ ရက်မှ ၄ ရက်အထိ ပြေးဆွဲပေးမည်ဖြစ်သည်။
ပုံမှန်ပြေးဆွဲနေသော တောင်ကြီး-ပေါမူ၊ ပေါမူ-တောင်ကြီး ခရီးစဉ်ကိုလည်း ယခင်အတိုင်း စနေ၊ တနင်္ဂနွေ ရုံးပိတ်ရများ၌ ပုံမှန်ပြေးဆွဲပေးသွားမည်ဖြစ်ပြီး တောင်ကြီး-ပေါမူ ခရီးစဉ်သည် ၁၁ ဒသမ ၄၁ မိုင်ကွာဝေးပြီး ပြေးဆွဲချိန် ၁ နာရီခွဲခန့် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
ရထားခရီစဉ်အား တောင်ကြီးဘူတာမှ နံနက် ၉ နာရီ စတင်ထွက်ခွာမည်ဖြစ်ပြီး လမ်းခရီးတွင် ဘဝသံသရာအဝိုင်းအနီးဝန်းကျင်ရှိ သဘာဝရှုခင်းအလှများကို ကြည့်ရှုခံစားနိုင်ရန် ထီးသိမ်ဘူတာ၌ မိနစ် ၃၀ ရပ်တန့်သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
ထို့အတူ ပေါမူဘူတာသို့ ရောက်ရှိချိန်တွင် ရထားတွဲဆိုင်းအား တောင်ကြီးဘက်သို့ ပြန်လှည့်နိုင်ရန် တွဲရွှေ့ပြုလုပ်ချိန် မိနစ် ၃၀ ရပ်တန့်သွားမည်ဖြစ်ပြီး အဆိုပါရထားသည် ပေါမူဘူတာမှ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ပြန်လည်ထွက်ခွာပြီး တောင်ကြီး ဘူတာသို့ မွန်းလွဲ ၁၂ နာရီ ခွဲတွင် ပြန်လည်ရောက်ရှိမည်ဖြစ်သည်။
အဆိုပါ ခရီးစဉ်အတွက် ပြေးဆွဲမည့်ရထားတွဲဆိုင်းကို မြင်းကောင်ရေ ၂,၀၀၀ အား စက်ခေါင်းဖြင့် အထက်တန်း တစ်တွဲ၊ ရိုးရိုးတန်းသုံးတွဲနှင့် ရထားထိန်းတွဲတစ်တွဲဖြင့် ပြေးဆွဲသွားမည်ဖြစ်သည်။ တောင်ကြီး-ပေါမူ အသွား/အပြန် ခရီးစဉ်အတွက် လက်မှတ်ခနှုန်းထားများမှာ အထက်တန်းတွဲ တစ်ဦးလျှင် ကျပ် ၁၀,၀၀၀ နှင့် ရိုးရိုးတန်း တစ်ဦးလျှင် ကျပ် ၅,၀၀၀ ဖြစ်ကြောင်း သိရသည်။
