၃၀.၁၀.၂၀၂၅
Written by Hey Mar
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ အဆောက်အဦတွေ ငလျင်ကြီးပြီးတာ ၇ လကျော်ကြာတဲ့ လက်ရှိအချိန်ထိ ဖြိုချပြုပြင်နေရဆဲဖြစ်တဲ့မန္တလေးမြို့မှာ ဒီကနေ့ မနက်ပိုင်းက ဖြိုလက်စတိုက် ပြိုကျရာက အသက် ဆယ်နှစ်ဝန်းကျင်မိန်းကလေးတစ်ဦး ကိုယ်လက်အင်္ဂါ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ မဏီစလ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က ဒီနေ့ အောက်တိုဘာ ၃၀ ရက်နေ့မနက် ၉ နာရီဝန်းကျင်က မန္တလေးမြို့၊ ချမ်းအေးသာဇံ မြို့နယ်၊ ၈၄ လမ်း၊ ၃၁ လမ်းနဲ့ ၃၂ လမ်းကြားမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ထိခိုက်မိတဲ့ ကလေးက အဲ့ဒီတိုက်ဖြိုတဲ့ အလုပ်သမားတွေရဲ့ မိသားစုဝင်ဖြစ်ကာ တစ်နိုင်တစ်ပိုင် ဝိုင်းဝန်းကူညီနေတာလို့ သိရပါတယ်။



မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ မဏီစလ လူမှုကူညီရေးအသင်းတာဝန်ရှိသူက “ကလေးဒဏ်ရာက လက်ဒဏ်ရာတော့ အတော်များတယ်။ လက်က အသားကြေစုတ်ပြဲပြီး အရိုးပေါ်သွားပါတယ်။ တခြားထိခိုက်မိတာက ဒူးအနည်းငယ်ပွန်းတာကလွဲရင် မရှိပါဘူး။ လက်ပဲ ဒဏ်ရာများတာ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
အဆိုပါဒဏ်ရာရရှိတဲ့ ကလေးကို မဏီစလ လူမှုကူညီရေးအသင်းက မန္တလေးပြည်သူ့ဆေးရုံကြီး ပြင်ပလူနာဌာနဆီ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့ နေ့လယ် ၃ နာရီဝန်းကျင်ကလည်း မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းအနောက်ရပ်ကွက်၊ ၃၃ လမ်းနဲ့ ၃၄ လမ်းကြား၊ ၈၅ လမ်းနဲ့ ၈၆ လမ်းကြားရှိ အထပ်မြင့်အဆောက်အဦဖြိုချရာမှာ ကပ်လျက်ဘေးက နေအိမ်ပေါ်ပြိုကျခဲ့ပြီး နေအိမ်တွင်းရှိနေတဲ့ အမျိုးသားကြီးတစ်ဦးပေါ်ပိမိခဲ့တဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။
