၃၀. ၁၀. ၂၀၂၅
Written by Nyein Kyaw
ဆန်တန်ချိန် ၂၅ တန်နှင့်အထက် သိုလှောင်ရုံများ သိုလှောင်ရုံ မှတ်ပုံတင်လက်မှတ် လျှောက်ထားမှု ပျက်ကွက်ပါက အရေးယူသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။
စီးပွားရေးလုပ်ငန်း ဆောင်ရွက်ရန်အလို့ငှာ ဆန်တန်ချိန် ၂၅ တန်နှင့်အထက် (သို့မဟုတ်) စပါး တင်း ၂,၅၀၀ နှင့်အထက် သိုလှောင်ထားရှိသော ဆန်စပါးသိုလှောင်ရုံပိုင်ရှင်များသည် မြန်မာဆန်စပါး အွန်လိုင်း (MyRO) www.myro.com.mm တွင် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်လက်မှတ် လျှောက်ထားရယူရန်လိုအပ်ကြောင်း အသိပေးခဲ့ပြီးဖြစ်သည်။
အဆိုပါ အသိပေးထုတ်ပြန်ချက်အား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အမိန့်အမှတ် (၈၂/ ၂ဝ၂၄) ဖြင့် ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၄ ရက်တွင် ထုတ်ပြန်ထားပြီးဖြစ်၍ ဆန်စပါးသိုလှောင်ရုံပိုင်ရှင်များအနေဖြင့် မပျက်မကွက် လိုက်နာဆောင်ရွက်ရန် လိုအပ်မည်ဖြစ်သည်။
မြန်မာဆန်စပါးအွန်လိုင်း (MyRO) စနစ်တွင် မှတ်ပုံတင်ထားပြီးဖြစ်သော သိုလှောင်ရုံများအနေဖြင့်လည်း လစဉ်လဆန်း ၁ ရက်မှ ၇ ရက်အတွင်း ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် စာရင်းများကို MyRO Website ရှိ မိမိ၏ Account တွင် မပျက်မကွက် စာရင်းထည့်သွင်းပေးရမည်ဖြစ်သည်။
ထို့ပြင် ပြည့်စုံမှန်ကန်သော အချက်အလက်များကို တာဝန်ယူ၊ တာဝန်ခံ၍ ထည့်သွင်းပေးရန်နှင့် အခါအားလျော်စွာ လာရောက်စစ်ဆေးရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လည်း အသိပေးနှိုးဆော်ထားသည်။
အထက်ပါ သိုလှောင်ရုံ မှတ်ပုံတင်လက်မှတ် လျှောက်ထားရန် ပျက်ကွက်လျှင်ဖြစ်စေ၊ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းအား ပြည့်စုံမှန်ကန်စွာ သတ်မှတ်ချိန်အတွင်း ဆောင်ရွက်ခြင်း မရှိလျှင်ဖြစ်စေ အရေးယူခြင်း သို့မဟုတ် မှတ်ပုံတင်လက်မှတ် ပယ်ဖျက်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့ကြောင့် ယင်းအချက်များကို သိရှိလိုက်နာဆောင်ရွက်ရန်နှင့် သိရှိလိုသည်များရှိပါက www.myro.com.mm တွင် လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်ရုံးများတွင် လည်းကောင်း၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရုံးတွင်လည်းကောင်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါကြောင်း အသိပေးထားသည်။
