◾️ ဆလိုင်းထန်ခွီးရှိန်ရဲ့ ဘောကာကွဲအောင် မတော်ရာအကန်ခံခဲ့ရပေမဲ့ ဆေးကုသချိန် မပေးခဲ့သလို ဆောင်ချန်နွိုင်ကိုလည်း အရေးမယူခဲ့
၂၄. ၁၀. ၂၀၂၅
Written by Thettant
ဒီနေ့ည One Friday Fights 130 မှာ ထိုင်းဖိုက်တာ ယာမင်ကို မြန်မာကိုယ်စားပြု မွန်ဖိုက်တာဆွန်ရက်က ပထမအချီ တစ်မိနစ်ကျော်တင် အလဲထိုးနဲ့ အနိုင်ရသွားပြီး ဘတ် ၃၅၀၀၀၀ ဆွတ်ခူးနိုင်ခဲ့အပြီးမှာ ချင်းဖိုက်တာ ဆလိုင်းထန်ခွီးရှိန်က ထိုင်းဖိုက်တာ ဆောင်ချန်နွိုင်ကို ဒုခေါင်ပွဲမှာ ထိုးသတ်ခဲ့ချိန် အမှတ်နဲ့ ရှုံးခဲ့ပေမဲ့ မြတ်မာဖိုက်တာဇပြပြီး ကြည့်ကောင်းတဲ့ထိုးသတ်ပွဲဖြစ်အောင် ဖျော်ဖြေမှုပေးနိုင်ခဲ့ပါတယ်။

One မှာ ပထမဆုံးထိုးပေမဲ့ ဒုခေါင်ပွဲရထားတဲ့ ချင်းလေး ဆလိုင်းထန်ခွီးရှိန်နဲ့ ဆောင်ချန်နွိုင်တို့ပွဲမှာ ဆောင်ချန်နွိုင်ဟာ ၅ ပေ ၁ လက်မသာရှိတဲ့ ဂျပုလေးပေမယ့် သူ့ထက်မြင့်တဲ့ ဖိုက်တာတွေကို အနိုင်ယူထားသလို ရှုံးပွဲ ၂၀ နီးပါးနဲ့ နိုင်ပွဲ ၅၀ ကျော်မို့ သမ္ဘာရင်ဖိုက်တာပါ။ One မှာလည်း သူ့ထက်မြင့်တဲ့ ဖိုက်တာတွေကို အလဲထိုးလေးပွဲဆက် အနိုင်ယူထားပြီး ရှုံးတဲ့ပွဲကလည်း အမှတ်နဲ့မို့ ချန်ပီယံစိန်ခေါ်ခွင့်ရနိုင်သူပါ။ ချင်းလေးထန်ခွီးရှိန်အဖို့ One မြေ ခြေအနင်းဟာ ပွဲကျပ်ပေမယ့် သူ့လက်စွမ်းဘယ်လောက်ကောင်းလို့ ဒုခေါင်ပွဲမှာ ပွဲကျပ်ရတာလဲဆိုတာကိုတော့ သက်သေပြနိုင်ခဲ့ပါတယ်။
ပထမအချီ ပွဲအစမှာ ထန်ခွီးရှိန်က ကန်ချက်ထုတ်ရာမှာ ဆောင်ချန်နွိုင်က ရှောင်ပြီးတာနဲ့ တန်းကန်ပြီး နောက်တစ်ကြိမ်မှာလည်း ချက်ချင်းထိုးတဲ့ Response မြန်ဆန်သူပါ။ သွေးအေးတဲ့ ဆောင်ချန်နွိုင်ဟာ မလွယ်တဲ့ဖိုက်တာပီပီ နောက်တစ်ကြိမ် ထန်ခွီးရှိန်ဝင်အကန်မှာလည်း ချက်ချင်း ဆောင့်ကန်နိုင်လို့ ထန်ခွီးရှိန်လဲကျပါတယ်။ ပွဲမှာ လောနေတဲ့ ထန်ခွီးရှိန် နောက်ထပ် ထိုးချက်ကန်ချက်တွေ အရှိန်လွန်တာတွေ သတိထားပြီး ထိချက်ထိုးချက်ယူပေမဲ့ ပါးနပ်လွန်းတဲ့ ဆောင်ချန်နွိုင်းက ထန်ခွီးရှိန်ရဲ့မတော်ချီကို ပါးပါးနပ်နပ်ကန်ရင်း လက်သီးထိုးချက်ယူသွားလို့ ပထမအချီက ဆောင်ချန်နွိုင် အပြတ်အသတ်သာပါတယ်။ ဒီနေရာမှာ ပထမအချီပြီးတာနဲ့ ထိုင်းဒိုင်က ရောချသွားပြီး ဘောအကန်ခံရတဲ့ ထန်ခွီးရှိန်ကို ဟုတ္တိပတ္တိအချိန်ပေးကုသတာ မတွေ့လိုက်ရသလို ဆောင်ချန်နွိုင်မတော်ချီကန်ချက်က ဘောကာတောင် ကွဲပါတယ်။ ဘောကာသာ မပါရင် အသက်ပါသွားနိုင်တဲ့ ကန်ချက်ဆိုးဆိုးပါ။

ဒုတိယအချီမှာလည်း ဆောင်ချန်နွိုင်က ကြောင်က ကြွက်ကို ဆော့သလိုဆော့တာပါ။ ၅ ပေ ၁ လက်မပဲရှိပေမဲ့ အရမ်းသန်လွန်းတာက ဆောင်ချန်နွိုင်ရဲ့အားသာချက်ဆိုရင် တုံ့ပြန်မှုအရမ်းမြန်တာက သူ့ကို ဒီအဆင့်ရောက်စေခဲ့တယ်လို့ ပြောရမှာပါ။ ထန်ခွီးရှိန်ဟာ ထိချက်ထိုးချက်အများစု လွဲနေခဲ့ပြီး အတင်းဝင်ပူးမှ ထိချက်ရတာကလည်း တော်တော်ဆိုးနေခဲ့ပါတယ်။ ဒီလို ဝင်ပူးတိုင်းမှာလည်း ဆောင်ချန်နွိုင်က ထိချက်သာတဲ့အပြင် ထန်ခွီးရှိန်ကို အလွယ်တကူလှဲချနေခဲ့ပါတယ်။ ဒုတိယအချီမှာလည်း ထန်ခွီးရှိန် နိမ့်ပါတယ်။
နှစ်ချီသာထားတဲ့ ဆောင်ချန်နွိုင်က တတိယအချီမှာ အနာမခံဘဲ ပွဲဖြတ်ဖို့ကြံတာပါ။ အေးအေး ဆေးဆေးဆော့မယ့်ပုံဖမ်းနေတဲ့ ဆောင်ချန်နွိုင်ကို ထန်ခွီးရှိန်က အတင်းဝင်ပူးထိုးရာမှာ ပွဲအစ ထန်ခွီးရှိန် နှစ်ကြိမ်လဲကျပေမဲ့ အဲဒီ ဒုတိယအချီဝင်အပူးမှာ ဆလိုင်းရဲ့ လက်သီးနှစ်ချက်ကြောင့် ဆောင်ချန်နွိုင် နဖူးကွဲသွားပါတယ်။ နှစ်ပွဲသာထားပေမဲ့ ကွဲသွားတဲ့ ဆောင်ချန်နွိုင်က ရှုံးမှာကြောက်ပြီး အဲဒီမှာ ဘီလူးဆိုင်းတီးတာပါ။ ဆောင်ချန်နွိုင် ကြမ်းလာချိန်မှာ ထန်ခွီးရှိန်ကလည်း နှစ်ချီနိမ့်ထားတာ အသာစီးရဖို့ တတိယအကြိမ်လဲကျအပြီး ဝင်အပူးမှာ ဆောင်ချန်နွိုင်ရဲ့ ဘယ်ဖြောင့်လက်သီးတည့်တည့်ထိပြီး ညာဝိုက်လက်သီး ရှပ်အထိမှာ ထန်ခွီးရှိန်မူးပြီး ကျသွားပါတယ်။ ထန်ခွီးရှိန် မူးပြီးကျတာက သိသာလို့ ဆောင်ချန်နွိုင်က အလဲထိုးနိုင်ပြီအထင်နဲ့ အောင်ပွဲခံပေမယ့် ထန်ခွီးရှိန်က ချက်ချင်းပြန်ထလာပြီး ကြိုးတန်းဆီပြေး ခေါင်းတခါခါနဲ့ အမူးဖြေရင်း အမှတ်စဥ်ရေအပြီး ပြန်ထိုးတာပါ။ ကွဲသွားတဲ့ ဆောင်ချန်နွိုင်ကလည်း သူ့သိက္ခာအတွက် မူးနေတဲ့ ထန်ခွီးရှိန်ကို အလဲထိုးနိုင်ဖို့ ပွဲကြမ်းလာတာပါ။ ထန်ခွီးရှိန်က ထိုးလိုက်လဲကျလိုက်ဖြစ်နေလို့ ဝင်အပူးမှာ လဲနေတဲ့ ထန်ခွီးရှိန်ခေါင်းကို ထိုးလိုက်ပါသေးတယ်။ နောက်ပိုင်းမှာ ကွဲနေတဲ့ ဆောင်ချန်နွိုင်က သက်လုံမကုန်ဘဲ ထန်ခွီးရှိန်က သက်လုံကုန်သွားပြီး ဝင်ပူးတိုင်းလဲကျ၊ လှဲချနေသလိုဖြစ်နေလို့ သွေးသံရဲရဲ ဆောင်ချန်နွိုင်က မင်းဘာလို့ လှဲချနေတာလဲလို့ ကုန်းအော်တဲ့အသွင်မြင်လိုက်ရပါသေးတယ်။ အဲဒီနောက် ပွဲကြမ်းပေမဲ့ ဆောင်ချန်နွိုင်က ထန်ခွီးရှိန်ကို အလဲမထိုးနိုင်ဘဲ ဒိုင်အားလုံးဆုံးဖြတ်ချက်နဲ့ နိုင်သွားခဲ့ပါတယ်။

ခြုံပြောရမယ်ဆိုရင် ထန်ခွီးရှိန်နဲ့ ဆောင်ချန်နွိုင်ပွဲမှာ ဆောင်ချန်နွိုင်က ပညာ၊ သမ္ဘာ၊ မာဂုဏ် အကုန်သာပြီး ချန်ပီယံစိန်ခေါ်ခွင့်ရှိတာမြင်ရပါတယ်။ ထန်ခွီးရှိန်က ထိချက်မမှန်တာ၊ မကြာခဏလဲကျနေတာ မြင်ရပေမဲ့ သွက်တာ ဒူးပျံတွေ၊ လက်ပြန်တွေ၊ တံတောင်ရိုက်ချက်တွေ ထုတ်နိုင်ဖို့ကြိုးပမ်းသလို ထိချက်ထိုးချက်နဲ့ လဲကျတိုင်း အမြန်ပြန်ထတာ ချီးကျူးရမှာပါ။ အသက်အရွယ်နဲ့ မာဂုဏ်ကို ပညာသာထပ်ဖြည့်နိုင်ရင်၊ ပြိုင်ဘက်ကို လေ့လာမှုအားကောင်းရင်၊ တိကျတဲ့ထိုးချက်ကန်ချက်သာဖြည့်နိုင်ရင် ထန်ခွီးရှိန်ဟာ One မှာ နေရာတစ်ခုရနိုင်ပါတယ်။ (Photo – Credit)

