၂၄. ၁၀. ၂၀၂၅
Written by Nyein Kyaw
၂၀၂၅ ခုနှစ် (၆၂) ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော် (ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အားပေးပြီး ဆုများပေးအပ်ချီးမြှင့်သည်။
ယနေ့ ညနေပိုင်းတွင် ၂၀၂၅ ခုနှစ်၊ (၆၂) ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော် (ကြည်း၊ရေ၊လေ) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စခန်းမှူးရုံး ကိုယ်စားပြုအသင်းနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပွဲကစားချိန်ပြီးဆုံးချိန်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စခန်းမှူးရုံး ကိုယ်စားပြုအသင်းက ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။






ဗိုလ်လုပွဲယှဉ်ပြိုင်ကစားမှုအပြီးတွင် ၂၀၂၅ ခုနှစ်၊ (၆၂) ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော်(ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဟိန်းက ပွဲစဉ်တစ်လျှောက် တစ်ဦးချင်းနေရာအလိုက် အကောင်းဆုံးကစားသမားဆုရရှိသူများနှင့် အကောင်းဆုံး အားကစားသမားဆုရရှိသူများကိုလည်းကောင်း၊ တပ်မတော်အားကစား ကာယပညာအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်က တတိယဆုရရှိသည့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းကိုလည်းကောင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်က ဒုတိယဆု ရရှိသည့် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းကိုလည်းကောင်း တစ်ဦးချင်းဆု တံဆိပ်များနှင့် ငွေသားဆုများကို အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ၂၀၂၅ ခုနှစ်၊ (၆၂) ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော်(ကြည်း၊ ရေ၊ လေ)ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)စခန်းမှူးရုံး ကိုယ်စားပြုအသင်းမှ အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်များကို ပေးအပ်ချီးမြှင့်သည်။





ဆက်လက်၍ ကော်မရှင်ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီး ချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အသန့်ရှင်းဆုံးဆုရရှိသည့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းအား ဆုဖလားနှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်သည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ (၆၂)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော် (ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲတွင် ပထမဆုဆွတ်ခူးရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စခန်းမှူးရုံး ကိုယ်စားပြုအသင်းအား တံခွန်စိုက်ဆုဖလား၊ ဆင့်ပွားဖလားနှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်ရာ အသင်းအုပ်ချုပ်သူအရာရှိနှင့် အားကစားသမားများက လက်ခံရယူသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နှင့် အဖွဲ့ဝင်များသည် အားကစားသမားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
