၂၄. ၁၀. ၂၀၂၅
Written by Thettant
ပြီးခဲ့တဲ့ One Friday Fights 119 ခေါင်ပွဲမှာ မြန်မာကိုယ်စားပြုဖိုက်တာ ဆွန်ရက်နဲ့ မိုးထက်အောင်ကို အနိုင်ယူထားတဲ့ လိပ်နင်ဂျာ ဆမင်ဒန်တို့ ဆုံရာမှာ ဆွန်ရက်က ဆမင်းဒန်ကို ဒိုင်အားလုံးဆုံးဖြတ်ချက်နဲ့ ရှုံးနိမ့်သွားခဲ့ပေမဲ့ ဒီတစ်ပတ် One Friday Fights 130 မှာတော့ ထိုင်းဖိုက်တာ ယာမင်ကို ပထမအချီ တစ်မိနစ်ကျော်တင် အလဲထိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။

ဆွန်ရက်ထက် အရပ်အမောင်းသာပြီး ခြေကန်ကောင်းတဲ့ ယာမင်ဟာ ပွဲအစမှာတင် ဆွန်ရက်ကို အကွာအဝေးထိန်းပြီးခြေကန်ဖို့ ကြိုးစားတာပါ။ ဆွန်ရက်ကလည်း အောက်ခြေကန်ပြီး ဗိုက်ကန်လို့ လက်သီးတွဲလုံးနဲ့ဝင်ဖို့ကြိုးစားပေမဲ့ ယာမင်က ဗိုက်တွေ ထောက်ကန်ပြီး ရှောင်ထွက်နေရင်း ညာခြေအမြင့်ကန်ချက်က ဆွန်ရက်ပါးပြင်ကို ထိသွားပေမယ့် အားမပါလို့ ဆွန်ရက် သက်သာသွားခဲ့ပါတယ်။

ဒီခြေကန်ချက်ကပဲ ဆွန်ရက်ကို သတိပေးလိုက်သလိုဖြစ်သွားပြီး ထိုးသတ်ပုံပါပြောင်းသွားသလို ယာမင်ကံဆိုးဖို့လည်း အစပြုသွားပြီး ဆွန်ရက်က ခြေကန်ပြီး ဘယ်ညာပူးထိုးတာပါ။ ခြေကန်ချက်တစ်ချက်ထိချက်သာထားတဲ့ ယာမင်ကလည်း ဆွန်ရက်လိုပဲ ခြေကန်ဝင်ပူးပြန်ထိုးပြီး ဒုတိယအကြိမ် လက်သီးချင်းယှဥ်ထိုးရာမှာတော့ ယာမင်လက်သီး ဆွန်ရက်မထိခင် ဆွန်ရက်လက်သီးက ယာမင် နှာနုရိုးနဲ့ မျက်လုံးအနီးကြား အရှိန်ပြင်းပြင်း ထိပြီး ကြမ်းပေါ်လဲကျ မထနိုင်ရာက ၁ မိနစ် ၈ စက္ကန့်လောက်နဲ့ ဆွန်ရက်က အလဲထိုးနိုင်သွားခဲ့တာပါ။

ပွဲကစားချိန် ၆၈ စက္ကန့်လောက်ပဲကြာပြီး အပြန်အလှန်ထိချက် ၁၀ ချက်လောက်စီပေမယ့် လှလှပပအဆုံးသတ်နိုင်တဲ့ ဆွန်ရက်က ဘောနပ် ဘတ် ၃၅၀၀၀၀ ဆွတ်ခူးသွားသလို ပွဲအပြီးမှာ ထိုင်းဘာသာစကားအပြင် မွန်ဘာသာစကားနဲ့ပါ ကျေးဇူးတင်စကား ပြောသွားပါသေးတယ်။

ဒီညမှာ ဆွန်ရက်ပွဲအပြင် One မှာ ပထမဆုံးထိုးပေမဲ့ ဒုခေါင်ပွဲရထားတဲ့ ချင်းလေး ဆလိုင်းထန်ခွီးရှိန်နဲ့ ဆောင်ချန်နွိုင်တို့ပွဲလည်း ရှိနေသေးပါတယ်။ ဆောင်ချန်နွိုင်ဟာ ချန်ပီယံစိန်ခေါ်ခွင့်ရနိုင်သူမို့လို့ ချင်းလေးအဖို့ ပွဲကျပ်ပေမယ့် သူ့လက်စွမ်းဘယ်လောက်ကောင်းလို့ ဒုခေါင်ပွဲမှာ ပွဲကျပ်ရတာလဲဆိုတာကိုတော့ များမကြာခင် ဆလိုင်းထန်ခွီးရှိန်ရဲ့ ဇကိုလည်း နိုင်ငံတကာပရိသတ်တွေ အကဲဖြတ်ခွင့် ရပါလိမ့်ဦးမယ်။
