နေမိုး
၂၄. ၁၀. ၂၀၂၅
လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းနှင့် အုပ်ချုပ်ရေးယန္တရားများ ပျက်ပြားစေရန် နည်းလမ်းမျိုးစုံဖြင့် အကြမ်းဖက်မှုလုပ်ရပ်များကို လုပ်ဆောင်လျက် ရှိပြီး နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ အပြစ်မဲ့ အရပ်သားပြည်သူများအား ဖမ်းဆီးခေါ်ဆောင်၍ သတ်ဖြတ်ခြင်း၊ ဌာနဆိုင်ရာ အဆောက်အအုံ၊ စာသင်ကျောင်းများနှင့် ပြည်သူများ၏နေအိမ်များကိုပါ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများအား လုပ်ဆောင်လျက်ရှိရာ ယခုလည်း တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်မှုကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦး သေဆုံးခဲ့ရမှုအပြင် PDF များကပင် စာသင်ကျောင်းဆောင် တစ်ဆောင်အား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးသွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယခုညထုတ်ပြန်သည်။
ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက် နံနက် ၁၀ နာရီ ၂၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ အမှတ်(၄)ရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစိုးဝေ(၅၄)နှစ်သည် ပုလောမြို့ဝင်/ထွက်စစ်ဆေးရေးဂိတ်မှ အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ရုံးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် အဆိုပါရပ်ကွက်ရှိ အမှတ်(၈)အခြေခံပညာမူလတန်းကျောင်းရှေ့အရောက်၌ PDF အဖွဲ့ (အင်အားစိစစ်ဆဲ)က လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဦးစိုးဝေတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သည်။

ထို့နောက် အကြမ်းဖက်သမားများက အမှတ်(၈)အခြေခံပညာမူလတန်းကျောင်းဝင်းအတွင်းရှိ RC တစ်ထပ် စာသင်ကျောင်းဆောင်အား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးသွားခဲ့သဖြင့် မိုင်းပေါက်ကွဲခဲ့မှုကြောင့် စာသင်ကျောင်းဆောင်၏ အမိုးသွပ်၊ မျက်နှာကြက်နှင့် ပြတင်းပေါက်မှန်များ တန်ဖိုးငွေကျပ် သိန်း ၆၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူ တစ်ဦးအား လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်၍ စာသင်ကျောင်းအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးသွားခဲ့သည့် အကြမ်း ဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများအား ဒေသခံပြည်သူများနှင့် ပူး ပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
