နေမိုး
၁၉. ၁၀. ၂၀၂၅
တပ်မတော်ရဲ့ ထိုးစစ်တွေကြောင့် သိမ်းထားတဲ့မြို့တွေကနေ ရုပ်ပျက်ဆင်းပျက် ထွက်ပြေးနေရတဲ့အပြင် TNLA သိမ်းထားတဲ့ အခြား နယ်မြေများစွာကိုပါ လေယာဥ်နဲ့ နေ့စဥ်ဗုံးကြဲခံနေရပြီး ဒီလိုမျိုး TNLA နယ်မြေ ဗုံးကြဲခံရတိုင်း ပျော်ရွှင်နေသူတွေကို ထုံးတို့ထားမယ်လို့ TNLA ဗိုလ်ချုပ်တားဘုန်းကျော်က ဒီနေ့ ကြုံးဝါးလိုက်ပါတယ်။
TNLA ဗိုလ်ချုပ်တားဘုန်းကျော် အသုံးပြုတယ်လို့ အများသိတဲ့ Mai Tea Land အကောင့်ကနေ ကြုံးဝါးလာတာဖြစ်ပြီး ပို့စ်ထဲမှာ “ထုံးတို့ထားမယ်…မနက်၊ နေ့ခင်း၊ ညနေ၊ ညသန်းခေါင် ဆက်တိုက် လာ ဗုံးကြဲနေတာ… ကြဲတဲ့သူ
ကြဲဖို့ဆော်ဩသူ ကြဲခံရတာကို ဝမ်းမြောက်လက်ခုပ်တီးသူ..အားလုံးကို ထုံးသေချာတို့မှတ်ထားမယ်…အလှည့်ဆိုတာ ရှိစမြဲပါ…” လို့ ရေးသားထားတာဖြစ်ပါတယ်။
TNLA ဟာ ၁၀၂၇ စစ်ရေးအတွင်းမှာ မြို့ ၁၀ မြို့ကို ဖျက်ဆီးတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပေမဲ့ တပ်မတော်က ထိုးစစ်ပြန်လည်စတင်ပြီးနောက်ပိုင်းမှာ သုံးလကျော်အတွင်း နောင်ချို၊ ကျောက်မဲ၊ သီပေါအပြင် သပိတ်ကျင်းကိုပါ လက်လွှတ်ခဲ့ရသလို ဒီလို လက်လွှတ်ခဲ့ရချိန်တိုင်းမှာ ပြည်သူလူထုက ဝမ်းမြောက်ဝမ်းသာဖြစ်နေတာကို TNLA ဗိုလ်ချုပ်တားဘုန်းကျော် မခံစားနိုင်ဖြစ်နေတာပါ။
ဒါ့အပြင် TNLA သိမ်းထားဆဲဖြစ်တဲ့ နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့၊ မိုးကုတ်၊ မိုင်းလုံ၊ မိုးကုတ်၊ နမ္မတူ စတဲ့မြို့တွေကိုလည်း တပ်မတော်က နေ့စဥ် လေကြောင်းထိုးစစ်ဆင် ဗုံးကြဲနေတာကြောင့် TNLA လက်နက်ကိုင်တွေနဲ့ ထောက်ခံသူတွေ သေကြေနေရပြီး ဒီလို တိုက်ခိုက်ခံရလို့ သေကြေကြောင်း PSLF/TNLA ကနေ သတင်းထုတ်ပြန်ချိန်တိုင်း ပြည်သူအများအပြားက နှစ်သက်သဘောကျတဲ့ Ha Ha , Love စတဲ့ React တွေ ပေးတာမြင်ရပြီး အခု တားဘုန်းကျော် ကြုံးဝါးတဲ့ ပို့စ်မှာတောင် Ha Ha , Love စတဲ့ React တွေပေးသူ ၅၀၀ ကျော် ရှိနေပါတယ်။
