




၁၉. ၁၀. ၂၀၂၅
Written by Nyein Kyaw
လက်နက်ကိုင်အကြမ်းဖက်မှုများကြောင့် တည်ငြိမ်မှုပျက်ပြားနေမည်ဆိုပါက စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည်မဟုတ်၍ လက်နက်ကိုင် အကြမ်းဖက်မှုများ ချုပ်ငြိမ်းပြီး ဒေသတည်ငြိမ်အေးချမ်းမှုရှိစေရေး မဖြစ်မနေ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် ပုသိမ်တပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားစဉ် ပြောကြားသည်။
တပ်မတော်ကို နိုင်ငံတော်၏ ပြည်တွင်းပြည်ပရန်ကို ကာကွယ်ရန်ဖွဲစည်းထားရှိခြင်း ဖြစ်ကြောင်း၊ ထိုကြောင့် နိုင်ငံတော်ကို ကာကွယ်နိုင်ရန်အတွက် စွမ်းရည်၊ စွမ်းအားရှိသည့် တပ်မတော်ဖြစ်ရန်လိုကြောင်း၊ အလားတူ ပြည်သူများမှ အပြည့်အဝယုံကြည်ကိုးစားသည့်တပ်မတော် ဖြစ်ရန်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ဒေသအလိုက် တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများနှင့် ဒေသခံပြည်သူများနှင့် တစ်သားတည်းဖြစ်အောင်လုပ်ဆောင်ပြီး ဒေသလုံခြုံတည်ငြိမ်အေးချမ်းရေးကို ထိရောက်စွာဖြင့်ဆောင်ရွက်နိုင်ရေး လုပ်ဆောင်ရန်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
လက်နက်ကိုင်အကြမ်းဖက်မှုများကြောင့် တည်ငြိမ်မှုပျက်ပြားနေမည်ဆိုပါက စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် လက်နက်ကိုင် အကြမ်းဖက်မှုများ ချုပ်ငြိမ်းပြီး ဒေသတည်ငြိမ်အေးချမ်းမှုရှိစေရေး မဖြစ်မနေ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ စွမ်းရည်ရှိသည့်တပ်၊ စွမ်းအားရှိသည့်တပ်များ ဖြစ်အောင်တည်ဆောက်ပြီး နိုင်ငံ့အကျိုး၊ တပ်မတော်အကျိုးနှင့် ဒေသအကျိုးအတွက် ဆောင်ရွက်သွားကြရန်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် တပ်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေ များကို ပေးအပ်ခဲ့ရာ တိုင်းမှူးနှင့်ဇနီးတို့က အသီးသီးလက်ခံရယူခဲ့ကြသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တပ်နယ်ရှိ နယ်မြေခံတပ်မတော်ဆေးရုံတွင် တက်ရောက်ကုလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များအား ထိခိုက်ဒဏ်ရာ ရရှိခဲ့မှု အခြေအနေများ၊ ရောဂါကုသပျောက်ကင်းမှု အခြေအနေများကို တစ်ဦးချင်း လိုက်လံတွေ့ဆုံ၍ ရင်းနှီးနွေးထွေးစွာမေးမြန်းပြီး အားပေးစကားပြောကြားသည်။
အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးက ဆေးရုံတက်ရောက်ကုသလျက်ရှိသည့် အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များအား သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ကျန်းမာရေးအခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
