
နေမိုး
၁၉. ၁၀. ၂၀၂၅
တအာင်းအကြမ်းဖက် လက်နက်ကိုင် TNLA နယ်မြေလုယက် အခြေစိုက်ထားသည့် နမ့်ဆန်မြို့မီးသတ်ရုံးအပြင် မန်တုံနှင့် မိုင်းငေါ့မြို့နယ်တွင် လေကြောင်းဖြင့် ယနေ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့်
(၂)ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု TNLA က အတည်ပြုသည်။
ယနေ့ နေ့လယ် ၁၂ နာရီခွဲအချိန်တွင် နမ့်ဆန်မြို့၊ နမ္မဝေါရပ်ကွက်ရှိ TNLA အခြေစိုက်ထားသည့် မီးသတ်ရုံးကို ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀)ဗုံး (၁)လုံးလာရောက်ကြဲချတိုက်ခိုက်ခဲ့သောကြောင့် အသက် (၂၈)နှစ် အောင်အောင်နှင့် အသက် (၂၄)နှစ်အရွယ် ချစ်စမ်းမောင်တို့ ထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၂)အိမ်၊ လက်ဖက်စက်ရုံ (၁)ရုံ၊ မီးသတ်ကား (၅)စီးနှင့် ကား (၄)စီး ထိမှန်ပျက်စီးသွားခဲ့သည်ဟု TNLA က ဝန်ခံထားသည်။

ထိုအပြင် မန်တုံမြို့၊ အောင်ချမ်းသာရပ်ကွက်တွင်လေကြောင်းဖြင့် ပေါင်(၂၅၀) ဗုံး (၁)လုံးလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် နေအိမ် (၆)လုံးလည်း ထိမှန်ပျက်စီးသွားခဲ့သည်ဟု ဆိုသည်။
အလားတူ မိုင်းငေါ့မြို့နယ်၊ လွယ်ပိန်းကျေးရွာကိုလည်း လေကြောင်းဖြင့် ဗုံး (၂) လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် TNLA အခြေစိုက်ရာ ဘုန်းကြီးကျောင်းနှင့် ဇရပ်တို့ ထိမှန်ပျက်စီးသွားခဲ့သည်ဟု ဆိုသည်။
ယခုလ အောက်တိုဘာ (၁)ရက်နေ့မှ (၁၈)ရက်နေ့အထိ တပ်မတော်က လေကြောင်းဖြင့် TNLA အခြေစိုက်ထားသည့်မန်တုံမြို့တွင် (၁)ကြိမ်၊ ကျောက်မဲမြို့တွင် (၃)ကြိမ်၊ သီပေါမြို့တွင် (၅)ကြိမ်၊ မိုင်းငေါ့မြို့တွင် (၁)ကြိမ်၊ မိုင်းလုံမြို့တွင် (၄)ကြိမ်၊ နမ့်ဆန်မြို့တွင် (၅)ကြိမ်၊ နမ္မတူမြို့တွင် (၅)ကြိမ်၊ မိုးမိတ်မြို့တွင် (၃)ကြိမ်နှင့် မိုးကုတ်မြို့တွင်(၁)ကြိမ်တို့ စုစုပေါင်း (၂၈)ကြိမ် လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။

ထိုသို့ ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် TNLA နယ်မြေလုယက်ထားရာ ဒေသမှ လူ ၄၁ ဦးသေဆုံးခဲ့ပြီး ၄၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အဆောက်အအုံ ၁၅၅ လုံးပျက်စီးခဲ့သည်ဟုလည်း TNLA က ဝန်ခံထားသည်။
