၁၉. ၁၀. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီပြည်နယ်၊ သောင်းဖာဖုမ်ခရိုင်ရှိ တောအုပ်တစ်ခုတွင် ထိုင်းနိုင်ငံတွင်းနှင့် မလေးရှားနိုင်ငံအတွင်းရှိ အလုပ်နေရာများဆီ ပို့ဆောင်ပေးမည့် ယာဉ်များကို စောင့်ဆိုင်းနေသည့် မြန်မာနိုင်ငံသား တရားမဝင် ရွှေ့ပြောင်းအလုပ်သမား ၁၆၂ ဦး အဖွဲ့ကို ယနေ့ တနင်္ဂနွေနေ့တွင် ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဥ်မှာ အဆိုပါ ခရိုင်အုပ်ချုပ်ရေးမှူး အာသီစံ အင်ထရာထံသို့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် တရားမဝင် အလုပ်သမားများ သာခနွန်တိုက်နယ်ရှိ သစ်တောနယ်မြေတွင် ပုန်းအောင်းနေကြောင်း သတင်းပေးပို့ချက် ရောက်ရှိခဲ့သည်။ ၎င်းတို့သည် နိုင်ငံအတွင်းသို့ ခိုးဝင်လာသည့် မြန်မာနိုင်ငံသားများ ဖြစ်ကြောင်းလည်း သိခဲ့ရသည်။
ထိုသတင်းအရ လှုပ်ရှားဆောင်ရွက်ခဲ့သည့် သောင်းဖာဖုမ် အထူးအဖွဲ့သည် အရေအတွက်များပြားသော လူ ၁၆၂ ဦးကို တွေ့ရှိခဲ့ပြီး ၎င်းတို့အားလုံးက အာဏာပိုင်များထံ ငြိမ်းချမ်းစွာ အဖမ်းခံခဲ့ကြသည်။
အဆိုပါအဖွဲ့တွင် အမျိုးသား ၉၄ ဦး၊ အမျိုးသမီး ၅၇ ဦးနှင့် အသက် ၁၅ နှစ်မှ ၁၈ နှစ်ကြား ကလေးငယ် ၁၁ ဦး ပါဝင်သည်။
စကားပြန်မှတစ်ဆင့် ကနဦးမေးမြန်းမှုများအရ ၎င်းတို့အဖွဲ့သည် စံခလဘူရီခရိုင်ရှိ နယ်စပ် တောလမ်းများမှတစ်ဆင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်လာကြောင်း သိရသည်။ ၎င်းတို့သည် စစ်ဆေးရေးဂိတ်များကို ရှောင်တိမ်းကာ လှေဖြင့် ခရီးသွားလာခဲ့ပြီး သောင်းဖာဖုမ်ခရိုင်တွင် ကုန်းပေါ်သို့ တက်ရောက်ခဲ့သည်။
ထိုနေရာမှစ၍ ယာဉ်မောင်းတစ်ဦးက ၎င်းတို့ကို အသုတ်လိုက်ခွဲကာ မြို့ထဲသို့ ခေါ်ဆောင်မည့် နောက်ထပ်ယာဉ်တစ်စီးကို ငါးနာရီကြာ ထပ်မံစောင့်ဆိုင်းရန် ညွှန်ကြားပြီး တောထဲတွင် စောင့်ဆိုင်းစေခဲ့သည်။
အလုပ်သမားများက ၎င်းတို့သည် စမွတ်စခွန်၊ ဘန်ကောက်၊ ချွန်ဘူရီ၊ အယုဒ္ဓယနှင့် စုန်ခလာ (Songkhla) စသည့် ထိုင်းနိုင်ငံအတွင်းရှိ ကတိပြုထားသော အလုပ်အကိုင်များဆီ ပို့ဆောင်ပေးရန်အတွက် ပွဲစားများကို ဘတ်ငွေ ၂၀,၀၀၀ မှ ၂၄,၀၀၀ ကြား ပေးဆောင်ခဲ့ရကြောင်း ထွက်ဆိုခဲ့သည်။ အချို့ကမူ မလေးရှားနိုင်ငံသို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်ရန် မျှော်လင့်ခဲ့ကြသည်။
Ref, Bangkok Post
