◾️ ဧရာဝတီပေါ်ဆန်းမွှေးကို ဧရာဝတီတိုင်းဒေသကြီး Brand တစ်ခုအဖြစ် ဆောင်ရွက်ရန်ပါ မှာကြား
၁၉. ၁၀. ၂၀၂၅
Written by Nyein Kyaw
ဗိုလ်မြတ်ထွန်းတံတားမှ ပုသိမ်မြို့အထိ လမ်းအဆင့်မြှင့်တင်မှုအား သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ပြီး ပုသိမ်လေယာဉ်ကွင်းအား သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားရန် မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် ပုသိမ်မြို့ရှိ မြို့မိမြို့ဖများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
ကုန်ထုတ်လုပ်မှုများကို အမှန်တကယ်လုပ်ရန်လိုကြောင်း၊ အထွက်နှုန်းများ ရာနှုန်းပြည့်ထုတ်လုပ်ပြီး ပို့ကုန်ပစ္စည်းများ ထုတ်လုပ်၍ နိုင်ငံခြားငွေများရရှိအောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် ပေါ်ဆန်းမွှေးသည် အမှန်တကယ်ကောင်းမွန်သည့် အမျိုးအစားဖြစ်သဖြင့် ပေါ်ဆန်းမွေးကို တိုင်းဒေသကြီး၏ Brand တစ်ခုအဖြစ် ဆောင်ရွက်နိုင်ရန်လိုကြောင်း ယာယီသမ္မတက ပြောကြားသည်။






ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပတ်သက်၍ နိုင်ငံတော်အနေဖြင့် တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဗိုလ်မြတ်ထွန်းတံတားမှ ပုသိမ်မြို့အထိ လမ်းအဆင့်မြှင့်တင် ဆောင်ရွက်ပေးစေလိုမှု၊ သလပ်ခွာတံတား အဆင့်မြှင့်တင်ပေးစေလိုမှုများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
ထို့နောက် ယာယီသမ္မတနှင့် အဖွဲ့ဝင်များသည် ပုသိမ်လေဆိပ်သို့ ရောက်ရှိကြပြီး အစည်းအဝေးခန်းမတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပုသိမ်လေဆိပ်အဆင့်မြှင့် တင်ဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ ယာယီသမ္မတက ပုသိမ်လေယာဉ်ကွင်းအား ခရီးသွားကဏ္ဍမြှင့်တင်နိုင်ရေးအတွက် အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
