နေမိုး
၁၉. ၁၀. ၂၀၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၌ မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ပလက်ဖောင်းပေါ်တွင် လမ်းလျှောက်နေသူ အမျိုးသား သုံးဦးအား ဝင်ရောက်တိုက်မိ၍ အမျိုးသား တစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိမှုဖြစ်စဥ်မှ ယာဥ်မောင်းအမျိုးသားအား ပုဒ်မသုံးခုဖြင့် ဖမ်းဆီးအမှူဖွင့် အရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။
ဖြစ်စဥ်မှာ အောက်တိုဘာ ၁၇ ရက် နံနက် ၁၀ နာရီတွင် ရန်ကင်းမြို့နယ်၊ ကံဘဲ့လမ်းပေါ်၊ ဆည်မြောင်းလမ်းထိပ်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ အမှတ်(၆)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါလမ်းအတိုင်း အလုံမြို့နယ်၊ လွတ်လပ်ရေးရပ်ကွက်နေ မြင့်ဦး(၆၁)နှစ်မောင်းနှင်လာသော YGN-20 3Q-XXXX HONDA FIT ယာဉ်သည် ကံဘဲ့လမ်းအရောက် ယာဘက်သို့ချိုးကွေ့မောင်းနှင်စဉ် ယာဘက်လမ်းစပ် ပလက်ဖောင်းပေါ်၌ လမ်းလျှောက် နေကြသည့် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၊ အမှတ်(၇)ရပ်ကွက်နေသူများဖြစ်သော ဦးမျိုးသိန်း(၅၂)နှစ်၊ ကိုမျိုးမင်း(၃၉)နှစ်နှင့် ကိုရွှေထွန်း(၃၇)နှစ်တို့အား ဝင်ရောက်တိုက်မိခဲ့သဖြင့် ဦးမျိုးသိန်းတွင် ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ပြီး ကိုမျိုးမင်းနှင့် ကိုရွှေထွန်းတို့တွင် ဒဏ်ရာများ အသီးသီး ရရှိခဲ့မှူ ဖြစ်ပွားခဲ့သည်။
ထို့ကြောင့် မြင့်ဦးအား ရန်ကင်းမြို့မရဲစခန်းက ယာဉ်(ပ)၁၁/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၇/ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
