နေမိုး
၁၉. ၁၀. ၂၀၂၅
သာမန်အရပ်သား လက်နက်မဲ့ ခရီးသွားပြည်သူ့ယာဥ်ကို PDF များက ဝိုင်းဝန်းပစ်ခတ်၍ အမျိုးသမီးတစ်ဦး တင်ပါး ကျည်ထိမှု တောင်သာမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၇ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ မာလာကျေးရွာနှင့် ရေနံချက်စက်ရုံကြား မြင်းခြံ-ညောင်ဦး ကားလမ်းပေါ်၌ မော်တော်ယာဉ်တစ်စီးအား PDF များက သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မြင်းခြံမြို့၊ အမှတ်(၁)ရပ်ကွက်နေ ဦးနိုင်ဦး(၅၃)နှစ်မောင်းနှင်ပြီး အမှတ်(၆)ရပ်ကွက်နေသူများဖြစ်ကြသည့် မကေဘရဏီ(၃၂)နှစ်နှင့် မကြည်ဖြူထွန်း(၃၄)နှစ်တို့ လိုက်ပါလာသည့် YGN-22 4K/XXXX Alphard အဖြူရောင် မော်တော်ယာဉ်သည် ညောင်ဦးမြို့မှ မြင်းခြံမြို့ဘက်သို့ မောင်းနှင်လာစဉ် အခင်းဖြစ် နေရာအရောက်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား ၂၀ ဦးခန့်မှ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ပစ်ခတ်ခဲ့မှုကြောင့် မော်တော်ယာဉ်ပေါ်ပါ မကေဘရဏီတွင် ဝဲတင်ပါး ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်ရရှိခဲ့ပြီး မော်တော်ယာဉ်၏ ရှေ့လေကာမှန်ကွဲအက်ပျက်စီးနေသည်ကို တွေ့ရှိရသဖြင့် ထိခိုက်ဒဏ်ရာရရှိသူအား ကျောဇီတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လမ်းပိုင်းတွင် PDF များက ယင်းတို့တက်ရောက် စစ်ဆေးချိန် မှန်မချခြင်း၊ တားချိန် ရပ်မပေးခြင်း၊ ဆက်ကြေးတောင်းချိန် မပေးခြင်း၊ အရှိန်ဖြင့်မောင်းခြင်း စသည့် ဖြစ်စဉ်များ လုပ်ဆောင်ပါက မည်သည့်ယာဉ်မဆို ပစ်ခတ်လေ့ရှိပြီး ထိုသို့ ပစ်ခတ်၍ ပြည်သူသေဆုံးပါကလည်း တာဝန်မယူကြောင်း ထုတ်ပြန်ပြောဆိုထားသည်။
