◾️ ကိုကိုးကျွန်းဒေသတွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးရန် ရည်မှန်းထား၍ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရန်ပါ ပြောကြား
၁၈. ၁၀. ၂၀၂၅
Written by Nyein Kyaw
ကိုကိုးကျွန်းမြို့သည် ယခင်နှင့်လုံးဝမတူဘဲ ဖွံ့ဖြိုးတိုးတက်မှုရှိလာပြီး မြို့မြေများတိုးချဲ့ရာတွင် စိုက်ပျိုးမြေများ မထိခိုက်စေရေး ကြိုတင်တွက်ချက် ဆောင်ရွက်လိုကြောင်း မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် ကိုကိုးကျွန်းမြို့ရှိ မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံစဉ် ပြောကြားသည်။
မိမိအနေဖြင့် ကိုကိုးကျွန်းမြို့သို့ လာရောက်ခဲ့သည်မှာ ၂၀ ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း၊ ကိုကိုးကျွန်းမြို့ တိုးတက်စေရေး မိမိအနေဖြင့် လွန်ခဲ့သည့် ၁၀ နှစ်ကျော်ခန့်မှ စတင်၍ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုအခါ ယခင်ကနှင့်လုံးဝမတူတော့ဘဲ ဖွံ့ဖြိုးတိုးတက်မှု ရှိလာသည်မှာ မျက်ဝါးထင်ထင်ပင်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။





ကိုကိုးကျွန်းမြိုတွင် လယ်မြေများမရှိကြောင်း၊ သွားလာစားသောက်ရေးနှင့် ပတ်သက်၍ စိန်ခေါ်မှုများရှိကြောင်း၊ သွားလာရန်ခက်ခဲသည့်အချိန်တွင် စားသောက်ရေးအတွက် အခက်အခဲမဖြစ်စေရန်လိုကြောင်း၊ ထို့ကြောင့် မြို့တွင်နေထိုင်ကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် မြို့နေပြည်သူများအနေဖြင့် ဝိုင်းဝန်း၍ ဆောင်ရွက်ကြရန်လိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
မြို့မြေများတိုးချဲ့ရာတွင် စိုက်ပျိုးမြေများမထိခိုက်စေရေး ကြိုတင်စဉ်းစားတွက်ချက် ဆောင်ရွက်ကြရန်လိုကြောင်း၊ ဒေသတွင်ရှိသည့် ပြည်သူများ မပူမပင်ဖြင့် စားသောက်နိုင်စေရေး အမြဲဆန်ဖူလုံမှုရှိအောင် တာဝန်ရှိသူများအနေဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
ကိုကိုးကျွန်းဒေသ ဝမ်းစာဖူလုံရေးအတွက် စီမံဆောင်ရွက်သွားကြရန်လိုကြောင်း၊ လယ်ယာများ၊ ကုန်းမြင့်ယာများကို ဖော်ထုတ်သွားရန်လိုကြောင်း၊ ထိုသို့ ဖော်ထုတ်နိုင်ရန်အတွက် စိုက်ပျိုးရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများကို စေလွှတ်ပေးသွားမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
ကိုကိုးကျွန်းဒေသတွင် ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးရန် ရည်မှန်းထားကြောင်း၊ ထို့ကြောင့် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ထားရန်လိုကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်နေထိုင်ကြသူများက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရန်လိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
