




၁၄.၁၀.၂၀၂၅
Written By Thandar
ခွန်သာချို ရုပ်ရှင်နဲ့ ဗွီဒီယိုထုတ်လုပ်ရေးက အိမ်ထောင်အချစ်ဇာတ်လမ်းပုံစံ “သုံးနားညီ” ဇာတ်လမ်းတွဲ ကန်တော့ပွဲပေးပွဲ အခမ်းအနားကို ယနေ့ အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ မဟာဝိဇိယဘုရားမှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော်တို့ ဒီဇာတ်ကားကတော့ အိမ်ထောင်ရေးဇာတ်လမ်းကိုမှ လောင်မြိုက်နေရတာမျိုးမဟုတ်ဘဲ ချစ်ခြင်းမေတ္တာတရားလေးတွေလည်း ပါတယ်။ ကျွန်တော်နဲ့ ထက်ထက်@ထက်ထက်ထွန်းရော မကေ@မြတ်ကေသီအောင်တို့က ပထမဆုံးဆုံတဲ့ ကားပါ။ ပရိသတ်တွေ အကြိုက်တွေ့စေမှာပါ”လို့ သရုပ်ဆောင် ခွန်သာချိုက ပြောပါတယ်။
အဆိုပါ ဇာတ်လမ်း၊ ဇာတ်ညွှန်း ခွန်သာချိုကရေးသားပြီး ဒါရိုက်တာ ထူးထူးက ရိုက်ကူးကာ သရုပ်ဆောင်တွေဖြစ်တဲ့ ခွန်သာချို၊ ထက်ထက်ထွန်း၊ အကယ်ဒမီမြတ်ကေသီအောင်၊ ခိုင်နိုး၊ အကယ်ဒမီခင်စိုးပိုင်၊ အကယ်ဒမီခင်မို့မို့အေး၊ အကယ်ဒမီ ဝါဝါအောင်၊ မာယုသာ၊ ဦးမျိုးသန့်၊ ကျော်ဇင်ထွဋ်၊ စောသစ်၊ ရွန်းနီ၊ အိမ့်ခြူးပွင့်၊ ညိုမီ၊ ချစ်စနိုးနဲ့ သရုပ်ဆောင်များစွာပါဝင်ထားကြပါတယ်။
အပိုင်း ၁၅ ပိုင်းပါဝင်မယ့် “သုံးနားညီ” ဇာတ်လမ်းတွဲကို လာမယ့် နိုဝင်ဘာလအတွင်း စတင်ကာ ရန်ကုန်မြို့မှာရိုက်ကူးပုံဖော်မှာဖြစ်ပြီး Hey Play, Fortune TV တို့က ထုတ်လုပ်ပြသမှာဖြစ်ပါတယ်။
