
၁၄.၁၀.၂၀၂၅
Translated by Htwe Ko Tun
မက္ကဆီကို အလယ်ပိုင်းနဲ့ အရှေ့ပိုင်းမှာ ရေကြီးရေလျှံမှုတွေကြောင့် လူ ၆၄ ဦး သေဆုံးခဲ့ပြီး ၆၅ ဦး ပျောက်ဆုံးနေတဲ့အတွက် ကယ်ဆယ်ရေးသမားတွေအနေနဲ့လည်း အောက်တိုဘာလ ၁၃ ရက်မှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ အထူးကြိုးပမ်းဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း မက္ကဆီကိုနိုင်ငံရဲ့ပြည်နယ်အများအပြားမှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး လမ်းတွေမှာ ရေကြီးရေလျှံကာ မြေပြိုမှုများ ဖြစ်ခဲ့ပါတယ်။ လမ်းအတော်များများနဲ့ တံတားတွေ ပြိုကျ ပျက်စီးခဲ့ပါတယ်။

ရေကြီးပြီးနောက် အောက်တိုဘာလ ၁၃ ရက်မှာ ရပ်ရွာငယ်အများအပြားကို ကုန်းလမ်းနဲ့ သွားလာ လို့မရတော့ဘဲ ဒေသနေထိုင်သူအဖို့ အစားအစာနဲ့ တခြားထောက်ပံ့ရေးပစ္စည်းတွေ ပို့ဆောင်ဖို့ လမ်းတွေကို မမောမပန်း ရှင်းလင်းခဲ့ကြပါတယ်။
ကယ်ဆယ်ရေး ကြိုးပမ်းမှုတွေရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ရော၊ ရေကြီးပြီး ပိတ်မိနေသူတွေကို အရေးပေါ် အစားအစာနဲ့ ရေတွေ ပို့ဆောင်ပေးဖို့အတွက်ရော တပ်ဖွဲ့ဝင် ၁၀,၀၀၀ ခန့်ကို လှေတွေ၊ လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေနဲ ဖြန့်ကျက်ချထားတယ်လို့ သမ္မတကလော်ဒီယာ ရှိန်ဘွန်းက အောက်တိုဘာလ ၁၃ ရက်မှာ ပြောကြားခဲ့ပါတယ်။
မိမိတို့အိုးအိမ်တွေက စွန့်ခွာလာရသူတွေအတွက် ယာယီနေထိုင်ဖို့ ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ထားပြီး သူတို့ထံ လိုအပ်သောပစ္စည်းတွေပို့ဆောင်ဖို့ ရဟတ်ယာဉ်တွေလည်း ခေါက်တုံ့ခေါက်ပြန် ပျံသန်းနေကြပါတယ်။

သမ္မတက “ဒုက္ခသည်တွေမှာ အစားအစာနဲ့ ရေအလုံအလောက် ရရှိဖို့ ပျံသန်းရေး ခရီးစဉ်တွေ အများကြီး လိုအပ်ပါတယ်” လို့ သတင်းထောက်တွေကို အောက်တိုဘာလ ၁၃ ရက်က ပြောခဲ့ပါတယ်။
မက္ကဆီကိုနိုင်ငံရဲ့ ဗီရာခရုဇ်၊ ဟီဒါလ်ဂိုနဲ့ ပျူဘလာပြည်နယ်တွေက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုဒဏ်ကို အဆိုးရွားဆုံး ခံစားခဲ့ရပါတယ်။ ဟီဒါလ်ဂိုပြည်နယ်တစ်ခုတည်းမှာကို ပျောက်ဆုံးနေသူ ၄၃ ဦးခန့်ထိရှိပါတယ်။ မက္ကဆီကိုနိုင်ငံမှာ ဒီနှစ်မိုးသည်းထန်စွာရွာသွန်းခဲ့ရာမှာ မြို့တော်မက္ကဆီကိုစီတီးမှာ စံချိန်တင်အောင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပါတယ်။

မက္ကဆီကိုနိုင်ငံရဲ့ စိုစွတ်သောရာသီ မေလမှ အောက်တိုဘာလအတွင်းမှာ မကြာခဏဆိုသလို မိုးသည်းထန်စွာရွာသွန်းတတ်ပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ မက္ကဆီကိုပင်လယ်ကွေ့မှ အပူပိုင်းဒေသစနစ်နဲ့ မြောက်ဘက်မှလေစိုင်ထုတို့ ပေါင်းစပ်မှုကြောင့် မိုးရွာသွန်းမှုက ပိုမိုသည်းထန်စွာ အန္တရာယ်ဖြစ်စေနိုင်လောက်အောင် ဖြစ်ခဲ့ရတယ်လို့ မိုးလေဝသပညာရှင်တွေက ဆိုပါတယ်။
Ref-AFP
