◾️ ရွေးကောက်ပွဲကာလမတိုင်မီ နိုင်ငံရေးမတည်မငြိမ် ဖြစ်စေရန် မသမာသူများက လုပ်ကြံသတင်းဖြန့် ကြေညာချက်အတု ထုတ်ပြန်ခြင်းဖြစ်ဟု ဆို
၁၄. ၁၀. ၂၀၂၅
Written by Nyein Kyaw
လက်ရှိ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများအား မော်တော်ယာဉ် ဝယ်ယူခွင့်ပြုရေး ကြေညာချက်သည် ယခင်ဖျက်သိမ်းထားပြီးဖြစ်သည့် ကြေညာချက်အဟောာင်းကို ခုနှစ်များ ပြန်လည်ပြင်ဆင်၍ ဖြန့်ဝေနေခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ယနေ့တွင် ဖြေကြားထားသည်။
ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများအား မော်တော်ယာဉ် ဝယ်ယူခွင့်ပြုရေးကိစ္စနှင့် စပ်လျဉ်း၍ ကြေညာချက်တစ်စောင်အား လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိပြီး အဆိုပါ ကြေညာချက်နှင့် ပတ်သက်၍ စုံစမ်းမေးမြန်းမှုအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
စီးပွား/ကူးသန်းဝန်းကြီးဌာနမှ ပြန်လည်ဖြေကြားချက်တွင် အဆိုပါ ကြေညာချက်သည် အတုဖြစ်ကြောင်း၊ ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများအား မော်တော်ယာဉ်ဝယ်ယူခွင့်ကိစ္စကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လတ်တလောထုတ်ပြန်ထားခြင်း မရှိကြောင်း ဖြေကြားထားသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၃ဝ ရက်တွင် နိုင်ငံတော်ပိုင်သတင်းစာများမှတစ်ဆင့် ထုတ်ပြန်ဆောင်ရွက်ခဲ့ဖူးပြီး အဆိုပါ ထုတ်ပြန်ချက်အား ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်တွင် ရပ်ဆိုင်းခဲ့ပြီးဖြစ်ကြောင်း ဖြေကြားထားသည်။
လတ်တလော ဆိုရှယ်မီဒီယာတွင် ဖော်ပြနေသည့် အချက်အလက်များသည့် ၂၀၂၀ ပြည့်နှစ်တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်ပေါ်တွင် Facebook ၏ Memory ပြန်တက်လာသည့်အပေါ် အချက်အလက်၊ ခုနှစ်များ ပြင်ဆင်ပြီး ပြည်သူလူထုအကြား မော်တော်ကားစျေးကွက် မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ကြေညာချက်အတု ဖြန့်ဝေဆောင်ရွက်ခြင်းဖြစ်ကြောင်း ဖြေကြားထားသည်။
ပြည်သူ့ဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူအကြား၊ စည်းလုံးညီညွတ်မှုပျက်ပြားစေရန် အငြင်းပွားဖွယ်ရာကိစ္စနှင့် သွေးထိုးလှုံ့ဆော်ပြီး ရွေးကောက်ပွဲကာလမတိုင်မီ နိုင်ငံရေးမတည်မငြိမ် ဖြစ်စေရန် မသမာသူများက လုပ်ကြံသတင်းဖြန့် ကြေညာချက်အတု ထုတ်ပြန်ခြင်းဟု ထင်မြင်ယူဆရကြောင်းလည်း သုံးသပ်ဖြေကြားထားသည်။
